နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရန် ဂျပန်တောင်းဆို၊မြန်မာနိုင်ငံအခြေအနေ မရေရာမှုများ ဆက်ရှိနေဆဲဟုဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အခြေအနေမှာ မသေချာမရေရာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရေးနှင့် သက်ဆိုင်သူများကြား စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများဖြင့် နိုင်ငံရေးအရ တိုးတက်မှုများ ဖြစ်ထွန်းလာစေရန် မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ ဆက်တိုက်လာနေမှာပါ။ ရွေးကောက်ခံသမ္မတ အယောင်ဆောင် ထားတာဆိုတော့ မင်းအောင်လှိုင် ဘာဆက်လုပ်မလဲ။ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မလွှတ်ပေး ရဲ တာသေချာတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက်ကြိုး ပမ်းလုပ်ဆောင်နေကြောင်းနှင့် လတ်တ လောဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေပြီး အပြုသဘောဆောင်သည့် ခြေလှမ်းများ အဖြစ် မှတ်ယူကြောင်းလည်း ထုတ်ပြန်သည်။

အချိန်ကြာမြင့်စွာ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဦးဝင်းမြင့်ကို ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ပြုခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှသတ်မှတ်ထားသော နေအိမ်သို့ ပြောင်းရွှေ့ခဲ့သည်ကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။