မောင်တောမြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် အကျိုးတူ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း နားလည်မှုဖြင့် ကုန်သွယ်မှုများ ရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။
နားလည်မှုဖြင့် ပြုလုပ်နေကြသည့် ယင်းကုန်သွယ်မှုကို တောင်ပြို၊ အင်တူလာကျေးရွာတို့မှ ပြုလုပ်နေခြင်းဖြစ်ပြီး အကန့်အသတ်ဖြင့်သာ ဖြစ်သည်ဟု ဆိုကြသည်။
တရားဝင် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းကို အချိန်ကြာမြင့်စွာ ရပ်နားထားခဲ့ပြီး ယခုရက်ပိုင်းတွင် ကုန်သွယ်မှုများ စတင်နေပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိနေသည်။
ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှ သစ်သားများ တင်ဆောင်ထားသည့် ဘုတ်တစ်စီး မေလ ၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်ဆိပ်ကမ်းသို့ တင်ပို့ခဲ့ကြောင်း ရုပ်သံဖိုင်နှင့်တကွ သတင်းများ ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။
“နယ်စပ်ကုန်သွယ်ရေးက တရားဝင် မဟုတ်သေးပေမဲ့ ဒီဘက်ကသစ်တွေ ဘင်္ဂလားဘက်ကို ပို့နေကြတာရှိတယ်။ ဘယ်လိုပုံစံနဲ့ လုပ်နေကြလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး” ဟု မောင်တောမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများကြောင့် တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းသွားခဲ့သည့် တက္ကနာဖ် ကုန်းတွင်းဆိပ်ကမ်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ယခုအခါ ကုန်သွယ်မှုများ စတင်နေပြီဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကလည်း ပြောဆိုထားကြသည်။
မြန်မာနိုင်ငံဘက်မှ သစ်များ တင်ဆောင်လာသည့် ဘုတ်တစ်စီး မေလ ၁ ရက်နေ့တွင် တက္ကနာဖ်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီးနောက် ကုန်သွယ်ရေးလုပ်ငန်းမှာ ပြန်လည်သက်ဝင်လာခဲ့ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ BSS သတင်းဌာနက ရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ပဋိပက္ခကြောင့် ရပ်ဆိုင်းနေခဲ့ရသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ တစ်နှစ်နှင့် တစ်လနီးပါးအကြာတွင် အဆိုပါ သစ်သားများ တင်ဆောင်လာသည့် ဘုတ်သည် ပထမဆုံးအကြိမ်အဖြစ် စတင်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။
ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှ တက္ကနာဖ်ဆိပ်ကမ်းသို့ တင်ပို့သည့် အဆိုပါဘုတ်ပေါ်တွင် သစ်မျိုးစုံ ၉၆၃ တုံး ပါဝင်ပြီး ခန့်မှန်းခြေ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆,၁၂၀ ခန့်ရှိကြောင်း သိရသည်။
မောင်တောဒေသခံတစ်ဦးက “အရင်ကတည်းက အသွားပဲရှိပြီးတော့ အပြန်ကို ကုန်မတင်ရပါ။ ဆိုတော့ ဒီဘက်က နစ်နာတာပေါ့လေ။ ဒီကိစ္စ အရင်ကလည်း ပြောဖူးတယ်။ ကုန်စည်ကို နှစ်ဘက် အပြန်အလှန် စီးဆင်းမှု ရှိစေချင်တယ်” ဟု ဆိုသည်။
ရခိုင်က သစ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေကြောင်းက တင်ပို့နေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်စည်များအား ရခိုင်သို့ တင်သွင်းခွင့်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်သတ်ထားဆဲဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုကြသည်။
နောက်ထပ် မောင်တောဒေသခံတစ်ဦးက “ရေကြောင်းကုန်သွယ်မှုက နှစ်ဖက်တရားဝင် မဖြစ်သေးဘူး ထင်ပါတယ်။ ရခိုင်ကို တင်သွင်းမဲ့ ပစ္စည်းတွေကို ဘင်္ဂလား ကမ်းခြေစောင့်တပ်တွေက မကြာခဏ ဖမ်းနေတာတွေ့ရတယ်” ဟု ဆိုသည်။
ဧပြီလ ၂၈ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရခိုင်သို့ တင်ပို့မည့် ဘိလပ်မြေအိတ် အများအပြား တင်ဆောင်လာသည့် လူ ၁၄ ဦးပါ ဘုတ်တစ်စီးကို ကော့ဘဇားခရိုင် တက္ကနာဖ်မြို့ နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ ရေကြောင်းပို့ဆောင်ရေး ဒုဝန်ကြီး မိုဟာမတ် ရာဂျစ်အာဆန်က တက္ကနာဖ် ကုန်းတွင်းဆိပ်ကမ်းကို ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။
ထို့အပြင် ဧပြီ ၁၄ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဆာလာဟုဒ္ဒင် အာဟ်မဒ်သည်လည်း တက္ကနာဖ်ဆိပ်ကမ်းသို့ လာရောက်စစ်ဆေးမှုများ ရှိခဲ့ကြောင်း သိရသည်။
