ဂျပန်က ရုရှားရေနံစိမ်းကို ဝယ်ယူမည်

ဓာတ်ပုံ - Anadolu Agency

သွင်းကုန်အပေါ် မှီခိုနေရသော အာရှစီးပွားရေးနိုင်ငံများအနေဖြင့် လောင်စာဆီ လိုအပ်ချက် မြင့်မားနေသောကြောင့် ဂျပန်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ရုရှားရေနံစိမ်းကို ဝယ်ယူ မည်ဖြစ်သည်။

ရုရှားအရှေ့ဖျားဒေသမှ ရေနံများ တင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ဂျပန်နိုင်ငံသို့ ဦးတည်မောင်းနှင်နေပြီဖြစ်ကြောင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ The Mainichi သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ ရေနံများသည် ရုရှားအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ Gazprom က ဦးဆောင်နေပြီး ဂျပန်နိုင်ငံ၏ Mitsubishi ကော်ပိုရေးရှင်းနှင့် Mitsui & Co. တို့ အဓိက အစုရှယ်ယာရှင်များအဖြစ် ပါဝင်နေသည့် Sakhalin-2 စီမံကိန်းမှ ထွက်ရှိခြင်းဖြစ်သည်။

ယခု ရေနံတင်ပို့မှုကို လက်ကားရောင်းချသည့် Taiyo Oil Co. က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရုရှားရေနံစိမ်းသည် ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဥရောပတို့က ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအတွင်း အကျုံးဝင်မည်မဟုတ်ပေ။

Marine Traffic ၏ အဆိုအရ အဆိုပါ ရေနံတင်သင်္ဘောသည် ဧပြီလနှောင်းပိုင်းတွင် Sakhalin ကျွန်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအနောက်ပိုင်း Ehime စီရင်စုသို့ ဆိုက်ရောက်မည်ဟု မျှော်လင့်ရကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။