Khaosod English
ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီးရှိ စမွတ်ပရာကန်ခရိုင်၌ ယနေ့ မေလ ၄ ရက် နံနက်အစောပိုင်းက လမ်းကူးလူကူးမျဉ်းကြားတွင် လမ်းဖြတ်ကူးနေသော စက်ရုံအလုပ်သမား မြန်မာမိန်းကလေး နှစ်ဦးအား လူစီးကားတစ်စီးက ဝင်တိုက်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ မိန်းကလေး နှစ်ဦးအနက် အသက် ၁၉ နှစ်အရွယ် တစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် အရေးပေါ် အသက်ကယ်ကုသမှု (CPR) ပြုလုပ်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် နောက်တစ်ဦးမှာ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း Khaosod English သတင်းက ဖော်ပြထားသည်။
အသက် ၃၈ နှစ်အရွယ်ရှိ ယာဉ်မောင်းဖြစ်သူက အဆိုပါ မိန်းကလေးများသည် ၎င်း၏ယာဉ်ကြောအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခြင်းကြောင့် အချိန်မီ ဘရိတ်အုပ်နိုင်ခြင်းမရှိခဲ့ကြောင်း ထွက်ဆိုထားသည်။
ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိသည်။
