ပြည်သူများ လုံ့လထုတ် ကြိုးစားရုန်းကန်ခဲ့သည့် တော်လှန်ရေးခြေလှမ်းများမှာ ယနေ့အချိန်ထိ အလဟဿမဖြစ်ကြောင်း NUG အစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ယနေ့(မေလ ၅ ရက်)ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည် ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“အားထုတ်မှုတိုင်းဟာ ရလဒ်တွေရှိသလို သက်ရောက်မှုတိုင်းမှာ ထိရောက်တဲ့ ခရီးလမ်းတွေကို လျှောက်လှမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့၊ တစ်ဖက်မှာလည်း ကျနော်တို့ အားလုံးဟာ တော်လှန်ရေးတစ်ခုလုံးကို မြော်မြင်ပြီး ဇွဲနဘဲရှိရှိ ထပ်မံကျော်ဖြတ်ကြဖို့ အထူး လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
တော်လှန်ရေးခရီးကြမ်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လက်နက်ကိုင်တော်လှန် ရေးသမိုင်းတွင် မကြုံခဲ့ဘူးသည့် အောင်မြင်မှုများကို ရရှိခဲ့သော်လည်း ယခုအချိန်သည် ပြည်သူတစ် ရပ်လုံး လိုလားသည့် ခရီးပန်းတိုင်ကို မရောက်သေးကြောင်းနှင့် လက်ရှိအချိန်တွင် နိုင်ငံရေးစိန်ခေါ် ချက် အမြောက်အမြားနှင့် စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု အချို့ကိုလည်း ခပ်စိပ်စိပ်မြင်တွေ့နေရ ကြောင်း ၎င်းကဆိုသည်။
“တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့် အတက်အကျတွေ ရှိတတ်သလို ရှေ့ ၂ လှမ်းတိုး နောက်တစ်လှမ်းဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေအပေါ် စီးနင်းကျော်ဖြတ်ရတာတွေလည်း ရှိနေတတ်ပါတယ်။ ကျနော်တို့အနေနဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အရှိ ပကတိတွေကို လျစ်လျူရှုလို့ မရသလို ကျနော်တို့ အားလုံး မျှော်လင့်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း မျက်ခြေပြတ်လို့ မရဘူးလို့ ပြောချင်ပါတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့အစိုးရကောင်းတစ်ရပ်ဖြစ်အောင် ကြိုးစား နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သည်လည်း ပြည်သူချစ်သည့် တပ်မတော်အဖြစ် အမြဲချီ တက် နိုင်ရန် မျှော်လင့်ကြောင်းလည်း ဆိုသည်။
