မလှိုင်မြို့တွင်းသို့ PDF များဝင်လာသည်ကို အကြောင်းမကြားပါက မီးရှို့မည်ဟု ဗိုလ်မှူးဝေဖြိုး ခြိမ်းခြောက်

ဓာတ်ပုံ-လူမှုကွန်ရက်

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၌ PDF များဝင်လာသည်ကို အကြောင်းမကြားပါက မီးရှို့မည်ဟု မလှိုင်တစ်မြို့နယ်လုံးကို အုပ်ချုပ်ခွင့်ရရှိထားသည့် ဗိုလ်မှူးဝေဖြိုးက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများထံက သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်၌ မိထ္တီလာ – မလှိုင် – တောင်သာလမ်းပိုင်းပေါ်ရှိ မလှိုင်မြို့အနောက်ဘက်ခြမ်းမှ ထန်းတော၊ အုတ်ကျင်းကျေးရွာနှင့် မိန်းလမ်းမပေါ်ရှိ ဆိုင်ခန်းများဖွင့်လှစ်ထားသည့် ဒေသခံပြည်သူများကို အထွေထွေအုပ်ချုပ်ရေးဌာနသို့ ခေါ်ယူကာ ဗိုလ်မှူးဝေဖြိုးက ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲဖြစ်တာတွေ၊ အပစ်အခတ်များတာတွေက တောင်သာကနေ မလှိုင်ဘက်လာတဲ့ လမ်းပေါ်မှာ အဖြစ်များတာ။ ပြီးခဲ့တဲ့ မတ်လတုန်းက ပစ်ခတ်မှုဖြစ်တာလည်း မြို့အနောက်ဘက်လမ်းမပေါ်မှာ ဖြစ်သွားတာဆိုတော့ လမ်းဘေးက ဆိုင်တွေက မမြင်ရကောင်းလား ဆိုပြီး ခြိမ်းခြောက်တာ။ နောက်ထပ် PDF တွေ ဝင်လာရင် ထွေအုပ်ရုံးကို လှမ်းပြောဖို့လို့ အစည်းအဝေးခေါ်တာပါ” ဟု မလှိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။

ဗိုလ်မှူးဝေဖြိုးအနေဖြင့် ယခင်ကလည်း မိထ္တီလာမြို့နယ်အတွင်း၌ ပြည်သူ့စစ်အင်အားများပြားနေသည်ဟုဆိုကာ မိထ္တီလာ တိုးဂိတ် (စစ်ဆေးရေးဂိတ်) ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း အဆိုပါစျေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချနေကြပြီဖြစ်သော်လည်း ထိတ်လန့်နေကြရကြောင်း သိရသည်။

“မလှိုင်မှာက စစ်တပ်ထောက်ခံတဲ့သူကလည်း များတယ်။ တချို့ဆို အရင် ကြံ့ဖွံ့ခေတ်ကနေ ခုထိ လုပ်စားနေကြတာ။ ထွေအုပ်ရုံးထဲမှာ အပြောခံရတဲ့သူတွေထဲမှာ အဲ့ဒီလို စစ်တပ်ထောက်ခံတဲ့ ဆိုင်သမားတွေလည်း ပါတာပဲလေ။ ငွေပေးရင် ရပေမယ့် ကြောက်နေကြရတာပဲ” ဟု မလှိုင်မြို့ပေါ်၌ နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် မလှိုင်မြို့ပေါ်ရှိ ရပ်ကွက်များ၌ စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံနေရမှု ဖြစ်ပေါ်နေ၍ မြို့ပေါ်၌ လုံခြုံရေးတင်းကျပ်စွာ ချထားလျက်ရှိနေကြောင်း သိရသည်။

ယနေ့ (မေ ၄ ရက်)၊ နံနက် ၉ နာရီတွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများတွင် စစ်တပ်ကိုယ်စားလှယ် ပါဝင်နေမှုအား ပယ်ဖျက်သည့် ညွှန်ကြားချက်အရ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် ပျူစောထီးများ အစည်းအဝေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့တော့ အစည်းအဝေးလုပ်တာ ဟုတ်တယ်။ ရာထူးအပြောင်းအလဲသံကတော့ မကြားရသေးဘူး” ဟု မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ မတ် ၁၇ ရက်၊ မလှိုင်မြို့အနောက်ဘက်ခြမ်းရှိ စုပေါင်းရုံးအနီးနှင့် ထန်းတောရပ်ကွက်တို့၌ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

မလှိုင်မြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည့် တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိနေသည့်အပြင် လေတပ်ဌာနချုပ်ရှိသည့် မိထ္တီလာမြို့နှင့်လည်း ၂၂ မိုင်သာ ကွာဝေးသည်။