နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်း ဆိုကြောင်း ဩစတြေးလျက ယနေ့(မေ၆ရက်)ထုတ်ပြန်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနှင့် ဆက်သွယ်ခွင့်ပြုရန်၊၎င်း၏ ရှေ့နေများနှင့် တွေ့ဆုံခွင့်ပြုရန်နှင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုတို့ ရရှိစေရန် မျှော် လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက ထုတ်ပြန်သည်။
“ကိုယ့်ကိုယ်ကိုယ် အရပ်သားအစိုးရ၊ရွေးကောက်ခံသမ္မတလို့ ပြောနေပြီး ဘာ့ကြောင့် ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးရဲတာလဲလို့ နိုင်ငံတကာက မေးခွန်းထုတ် လိုက်တာပဲ။ပြီးတော့ အာဆီယံရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားဆဲပဲဆိုတာလည်း ပြနေကြတယ်”ဟု ၁၉၉၀ပြည့်နှစ် လွန်ကာလ မန္တလေးထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPA သို့ ပြောသည်။
ထို့အပြင် မတရားသဖြင့်ထိန်းသိမ်းထားသူအားလုံးကိုလွှတ်ပေးရန်၊ အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီများ လုံခြုံစွာ အဟန့်အတားမရှိ ပေးခွင့်ပြုရန်နှင့် သက်ဆိုင်သူ များအကြား အားလုံးပါဝင်သောဆွေးနွေးမှုလုပ်ဆောင်ရန် ထပ်လောင်းတောင်းဆိုကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့သည့်သတင်းကို ကြားသိရသည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
