စင်ကာပူနိုင်ငံရှိ ကျောင်းတွင်းအနိုင်ကျင့်မှုများကို နှိမ်နှင်းရန် ကြိမ်ဒဏ်ပေးမည့် ဥပဒေကို အတည်ပြုလိုက်သည်။
ကျူးလွန်သည့်ပြစ်မှု၏ ပြင်းထန်မှုအပေါ် မူတည်၍ ကျောင်းသားများ (ယောက်ျားလေးများ) သည် ကြိမ်ဒဏ် ၁ ချက်မှ ၃ ချက်အထိ အပြစ်ပေးခံရနိုင်သည်။
နိုင်ငံ၏ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် “အမျိုးသမီးများကို ကြိမ်ဒဏ်ဖြင့် အပြစ်မပေးရ” ဟု ပြဋ္ဌာန်းထားသောကြောင့် ကျောင်းသူ (မိန်းကလေး) များမှာမူ အဆိုပါ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
စင်ကာပူ ပညာရေးဝန်ကြီး ဒက်စ်မွန်လီက ယခုအပြစ်ပေးမှုကို တင်းကျပ်သော ကာကွယ်ရေးလုပ်ထုံးလုပ်နည်းများဖြင့် “ဆိုးရွားလွန်းသော ချိုးဖောက်မှုများ” အတွက်သာ နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျူးလွန်တဲ့ အမှားရဲ့ ပြင်းထန်မှုအရ တခြားနည်းလမ်းတွေနဲ့ မလုံလောက်တော့တဲ့ အခြေအနေမျိုးမှာမှ ကျွန်တော်တို့ ကျောင်းတွေက ကြိမ်ဒဏ်ကို စည်းကမ်းထိန်းသိမ်းရေး နည်းလမ်းတစ်ခုအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ကျောင်းသားရဲ့ ဘေးကင်းလုံခြုံမှုကို သေချာစေဖို့အတွက် တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်သွားမှာပါ။ ကျောင်းသားရဲ့ ရင့်ကျက်မှု၊ ကြိမ်ဒဏ်ပေးခြင်းက သူ့ရဲ့အမှားကို သင်ခန်းစာယူဖို့နဲ့ သူလုပ်ခဲ့တဲ့အရာရဲ့ ကြီးလေးမှုကို နားလည်ဖို့ အထောက်အကူဖြစ်၊ မဖြစ်ဆိုတဲ့ အချက်တွေကို ကျောင်းတွေက ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်” ဟုလည်း ဒက်စ်မွန်လီက ဆိုသည်။
ကြိမ်ဒဏ်အသုံးပြုမှုကို ကျောင်းအုပ်ကြီးက အတည်ပြုရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိထားသော ဆရာများကသာ ရိုက်နှက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့နောက်တွင် ကျောင်းအနေဖြင့် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း အပါအဝင် “ကျောင်းသား၏ ကျန်းမာရေးနှင့် တိုးတက်မှုအခြေအနေကို စောင့်ကြည့်ရမည်” ဖြစ်သည်။
မိန်းကလေးများအတွက်မူ ပြစ်ဒဏ်အဖြစ် ကျောင်းခေတ္တရပ်နားခြင်း၊ အကျယ်ချုပ်ချထားခြင်း သို့မဟုတ် အမှတ်လျှော့ခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
စင်ကာပူ ပညာရေးဝန်ကြီးဌာနသည် အနိုင်ကျင့်မှုဆန့်ကျင်ရေး အစီအမံအသစ်များကို ဧပြီလတွင် စတင်ပြင်ဆင်ခဲ့သည့် မေလ ၅ ရက်ကကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အဆိုပါပြောင်းလဲမှုများကို ကျောင်းများအားလုံးတွင် မည်သို့စံသတ်မှတ်မည်ကို ဆွေးနွေးခဲ့ကြသည်။
စင်ကာပူတွင် ကြိမ်ဒဏ်စနစ်ကို ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သော်လည်း ဗြိတိန် သည် ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်း (Corporal punishment) ကို ဖျက်သိမ်းခဲ့သည်မှာ ကြာပြီဖြစ်သည်။
သြစတြေးလျနိုင်ငံသည်လည်း ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အစိုးရကျောင်းများ၌ ကြိမ်ဒဏ်အသုံးပြုမှုကို ပိတ်ပင်ခဲ့သော်လည်း Victoria နှင့် Northern Territory ပြည်နယ်ရှိ အချို့သော ပုဂ္ဂလိကကျောင်းများသည် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းအထိ ထိုအပြစ်ပေးမှုကို ဆက်လက်ကျင့်သုံးခဲ့ကြသည်။
လူ့အခွင့်အရေးအဖွဲ့များကမူ စင်ကာပူ၏ ပညာရေးနှင့် တရားစီရင်ရေးစနစ်တွင် ဆက်လက်ရှိနေဆဲဖြစ်သော ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးမှုများကို အစဉ်တစိုက် ဝေဖန်ခဲ့ကြသည်။
သို့သော် အာဏာပိုင်များက ယင်းသည် ရာဇ၀တ်မှုများနှင့် ပြင်းထန်သော စည်းကမ်းဖောက်ဖျက်မှုများကို တားဆီးရန်အတွက် ဟန့်တားမှုတစ်ခုအဖြစ် ကာကွယ်ပြောဆိုထားသည်။
ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာအရ “ကလေးသူငယ်များကို ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်းသည် ဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပြီး မည်သည့်အကျိုးကျေးဇူးမျှ မရှိကြောင်း ခိုင်လုံသော သိပ္ပံနည်းကျ အထောက်အထားများ ရှိနေပြီဖြစ်သည်” ဟု ဖော်ပြထားသည်။
