တပ်ရင်းမှူး ဦးဆောင်သည့် KTLA တပ်ဖွဲ့ဝင် ၃၇ ဦး KNU တပ်မဟာ (၄) နှင့် ပူးပေါင်း

ဓာတ်ပုံ-Thunder Kawthoolei
ပုံစာ - KNU တပ်မဟာ - ၄ နှင့် ပူးပေါင်းခဲ့သည့် KTLA တပ်ဖွဲ့များ

ကော်သူးလေတပ်မတော် (KTLA) မှ တပ်ရင်းမှူး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၇ ဦးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နှင့် လာရောက်ပူးပေါင်းလိုက်ကြောင်း တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က အတည်ပြုသည်။

ကော်သူးလေတပ်မတော် (KTLA) တပ်ရင်း (၂) မှ တပ်ဖွဲ့ဝင်များသည် မေလ ၄ ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်ပြီး တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၁ ဦး၊ ဒုတပ်ခွဲမှူး ၂ ဦး၊ တပ်စုမှူး ၃ ဦး စုစုပေါင်း ၃၇ ဦး ပါဝင်သည်။

“သူတို့ ပူးပေါင်းလာတာက ကောင်းသော ဆုံးဖြတ်ချက်တစ်ခုပဲ၊ ကောင်းတဲ့ လက္ခဏာပဲ၊ ကြိုဆိုတယ်၊ ကျွန်တော်တို့လည်း အင်အားများလာတယ်၊ စစ်ကောင်စီကို တိုက်ထုတ်တဲ့အခါမှာ ညီညွတ်မှုဖြစ်အောင် မျှော်လင့်တာပေါ့” ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက MPA ကို ပြောသည်။

KNU/KNLA တပ်မဟာ (၄) နှင့် လာရောက်ပူးပေါင်းခဲ့သည့် KTLA တပ်ရင်း (၂) သည် ထားဝယ်-ထီးခီးဒေသတွင် လှုပ်ရှားနေသည့် တပ်ရင်းမှူး ဗိုလ်မှူးဗိုလ်အယ် ဦးဆောင်သော အဖွဲ့ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ KTLA တပ်ဖွဲ့ဝင်များက လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့သော်လည်း လက်နက်ခဲယမ်း မည်မျှယူဆောင်ခဲ့သည်ကို တပ်မဟာ (၄) ပြောရေးဆိုခွင့်ရှိသူက ဖြေဆိုပေးခြင်း မရှိခဲ့ပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မကြာခဏ ခြုံခိုတိုက်ခိုက်မှု ပြုလုပ်နေသည့် ဗိုလ်အယ်ခွီး (ခေါ်) ကော်လားဖိုး ဦးဆောင်သော KTLA က လာရောက်ပူးပေါင်းခဲ့ခြင်း မရှိသေးပေ။

“အခု လာပူးပေါင်းတာ ဝမ်းသာတယ်၊ ကျန်တဲ့သူတွေလည်း အဖွဲ့တစ်ခုခုရဲ့ လက်အောက်မဝင်ရင် နေပါစေ၊ စစ်ရေးအရ အတူတူပူးပေါင်းဆောင်ရွက်နိုင်ရင် ဒီနယ်တစ်ခွင် စစ်အုပ်စုကို ကောင်းကောင်းတိုက်လို့ရပြီ၊ ဒါမှမဟုတ် အချင်းချင်း သတ်ဖြတ်နေကြတာနဲ့ အရှေ့ကို ရောက်မှာ မဟုတ်ဘူး” ဟု ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များကို ခြုံခိုသတ်ဖြတ်နေသော ဗိုလ်အယ်ခွီး (ခေါ်) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့ကို စစ်တပ်၏ မိတ်ဖက်အကြမ်းဖက်အဖွဲ့အဖြစ် KNU က ကြေညာထားသည်။

ကော်သူးလေတပ်မတော် (KTLA) ကို အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် စွပ်စွဲချက်ဖြင့် KNDO စစ်ဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် စောနယ်ဒါးမြက ၂ဝ၂၂ ခုနှစ် နှစ်လယ်ပိုင်း၌ ဖွဲ့စည်းခဲ့သည်။