အာဏာသိမ်း စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိ နေပြီဆိုသော အကြောင်းအရာ ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လျက်ရှိသည်။
“YeYing Nge” ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က မေ ၅ ရက် နံနက် ၅ နာရီ ၄၆ မိနစ်တွင် ဗိုလ်ချုပ်ဇော်မင်း ထွန်းသည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ICJ တွင် သက်သေထွက်ဆိုသွားမည် ဖြစ်သဖြင့် လုံခြုံရေးအတွက် အထူးလျှို့ဝှက်ထားကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/HaPGs
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
ပျံ့နှံ့နေသော ရုပ်သံဖိုင်သည် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အသံကို တုပ၍ Ai ဖြင့် ပြောဆိုထာခြင်း ဖြစ်သည်။
သတင်းဌာနများတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများကို ရှာဖွေခဲ့ရာ “မြေလတ်အသံ၊ DVB” အပါအဝင် အခြား မီဒီယာများက သတင်းဖော်ပြထားသည်။
ဧပြီ ၁၂ ရက် မြေလတ်အသံသတင်းတွင် စစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း လူမြင်ကွင်းကနေ ပျောက်ကွယ်နေသည်မှာ တစ်လ နီးပါး ရှိပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်လ လယ်ပိုင်းကစ၍ လူမြင်ကွင်းကနေ ပျောက်ဆုံးနေခြင်း ဖြစ် ကြောင်း၊ စစ်ကော်မရှင်တပ်က ဗိုလ်ချုပ်ဇော်မင်းထွန်း၏ စစ်ဘက်ရာထူးကို ဗိုလ်မှူးချုပ် ရဲရင့်အောင်နှင့် အစား ထိုးလိုက်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းသည့် ဒုတိယဝန်ကြီး အမည် စာရင်းတွင်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပါဝင်လာခြင်း မရှိကြောင်း၊ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ဘက်နှင့် အရပ်ဘက် ရာထူးများကနေ အနားပေးလိုက်ပြီဟု ယူဆရကြောင်း၊ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က တစ်စုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသလို စစ်ကော်မရှင်ကို ထောက်ခံသည့် မီဒီ ယာများကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ သတင်းဖော်ပြထားခြင်း မရှိ ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/MTFl
ဧပြီ ၇ ရက် ထုတ်ပြန်သော DVB သတင်းတွင် စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မြေ ယာ၊ တင်ဒါ၊ ပါမစ်ကိစ္စများနှင့် ပတ်သက်၍ ခုံရုံးဖွဲ့စစ်ဆေးနေသည်ဟု နေပြည်တော်သတင်းအရင်း အမြစ် များကတစ်ဆင့် သိရကြောင်း၊ DSA 37 ကျောင်းဆင်းဖြစ်သည့် ဗိုလ်ချုပ်ဇော်မင်းထွန်းသည် မတ်လ ၂၃ ရက်တွင် စစ်ခေါင်းဆောင်ဟောင်းဖြစ်သူ မင်းအောင်လှိုင်၏ ကျန်းမာရေးသတင်းကို ထုတ်ပြန်ပြီး နောက် ပိုင်း မတ်လ ၂၅ ရက်တွင် ခုံရုံးဖွဲ့ စစ်ဆေးခံရပြီးကတည်းက လူမြင်ကွင်းက ပျောက်ကွယ်သွားခြင်း ဖြစ် ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/i202
သုံးသပ်ချက်
စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း မတ်လ ၂၅ ရက် နောက်ပိုင်းမှစ၍ ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး ယနေ့အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေကြောင်း၊ နေပြည်တော် သတင်းရင်းမြစ် များအရ တင်ဒါအမှုများနှင့် ပတ်သက်၍ ခုံရုံးဖွဲ့ စစ်ဆေးခံနေရကြောင်း ၊ CDM ပြုလုပ်ထားသည့် စစ်ဘက် အသိုင်းအဝိုင်းကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှာ ရာထူးအားလုံးကနေ ဖယ်ရှားခံလိုက်ရပြီး အမှုတစ်ခုခုနှင့် ရင်ဆိုင်နေရနိုင်ခြေရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ဗိုလ်ချုပ်ဇော်မင်းထွန်း လွတ်မြောက်နယ်မြေ ရောက်ရှိပြီ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
