နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဥ်းအားလုံးကို ပြန်လွှတ်ရန် အာဆီယံ တောင်းဆို

ဓာတ်ပုံ-အာဆီယံ
ပုံစာ- ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအ‌ဝေး။

နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေး ရန် အာဆီယံခေါင်းဆောင်များက တောင်းဆိုလိုက်သည်။

၄၈ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး မေလ၈ရက်က ထုတ်ပြန်သည့် ကြေညာချက် တွင် အာဆီယံခေါင်းဆောင်များက ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်ကိုင်စွဲ သွားမည်ဟု ထပ်လောင်းအတည်ပြုခဲ့ပြီး မူ၅ရပ်ကို အကောင်အထည်ဖော်ရာ၌ တိုးတက်မှုအနည်း ငယ်သာရှိသည့်အပေါ် အာဆီယံခေါင်းဆောင်များက အလွန်အမင်းစိုးရိမ်ကြသည်ဟုလည်း ဆိုသည်။

“ထိပ်သီးအစည်းအဝေးအပြီး အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်သမ္မတရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး ပြောကြားချက်က လေသံတော်တော်ပြင်းတယ်။အခု အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက် ထွက်လာတော့ လေသံတွေ လျော့သွားတာ တွေ့ရတယ်။အဲဒါကိုက အာဆီယံစတိုင် လို့ ပြောရမယ်”ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အမြဲတမ်းအထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရန် အပြီးသတ်ဆွေးနွေးမည် ဟုလည်း ထုတ်ပြန်သည်။

သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးမှု၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သတ် မှတ်နေအိမ်သို့ ပြောင်းရွှေ့မှုနှင့် အကျဉ်းသားများ လွှတ်ပေးမှုအပေါ် ကြိုဆိုကြောင်း ကြေညာချက်၌ ဖော်ပြသည်။

မေလ၈ရက်က ၄၈ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့တွင် မေ၈ ရက်က ကျင်းပခဲ့ရာ မင်းအောင်လှိုင် တက်ရောက်ခွင့် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပြင် ခေါင်းဆောင်တစ်ဦးအနေနှင့် ဆောင်ရွက်နိုင်ခွင့် ရရန်လည်း လိုကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတမားကို့စ်က အာဆီယံထိပ်သီး အစည်းအဝေးအပြီးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။