မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မွေးနေ့ကိတ်ဝယ်ပြီး ဆိုင်ကယ်ဖြင့် ပြန်လာသည့် တက္ကသိုလ် ကျောင်းသား၃ဦး ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
မေလ၁၀ရက်၊ ညနေ၄နာရီခွဲခန့်တွင် သထုံမြို့နယ်၊လေးတိုင်ကျေးရွာ၊သထုံ-ဘားအံကားလမ်းမ ပေါ်တွင် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာ၊တာယာစက်ရုံဘက်သို့ ပြန်လာ သော ကျောင်းသူ၃ဦး စီးလာသည့်ဆိုင်ကယ်နှင့် ဘားအံမှသထုံဘက်သို့ လာသည့် Honda Fit ကား တို့ မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“ကျနော်တို့ သုဝဏ္ဏဝတီမြို့သစ်ဆိုတာက သထုံမြို့အထွက်လေးတင်၊ ဘားအံဘက်အထွက်။ဝါးပါး ဆည်အကျော်လေးတင်။ကောင်မလေးတွေက မွေးနေ့ကိတ်ဝယ်ပြီး အပြန်မှာဖြစ်တာ။အရှိန်က ပြင်း တော့ ကောင်မလေး၃ယောက်စလုံး လွင့်ထွက်သွားပြီးတော့ ပွဲချင်းပြီးဆုံးတာ။ကားသမားကတော့ ဆိုးဆိုးရွားရွားမဖြစ်ဘူးလို့ မြေပြင်ဆင်းကယ်တဲ့ ပရဟိတသမားဆီက သိရတယ်”ဟု သထုံမြို့၊ဘင် လှိုင်ရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးက MPAသို့ပြော သည်။
သေဆုံးသွားသူ၃ဦးမှာ နည်းပညာတက္ကသိုလ်(မော်လမြိုင်)က မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်း သူ မအေးအေးအောင်(၁၉နှစ်)၊မော်လမြိုင်တက္ကသိုလ်၊Bio Chemistry ပထမနှစ်ကျောင်းသူ မနေ ခြည်ကျော်(အသက်၂၀)နှင့် မော်လမြိုင်တက္ကသိုလ် Chemistry ဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုး (အသက်၂၀)တို့ဖြစ်ပြီး ၎င်းတို့ ၃ဦးစလုံးသည် ကြာပန်းကျေးရွာ တာယာစက်ရုံဝင်းအတွင်း နေထိုင် သူများဖြစ်ကြောင်း သိရသည်။
“ထုံးစံအတိုင်း မျက်နှာချင်းဆိုင်ယာဉ်ကြောမှာ ရှင်းတယ်ဆိုပြီး ကျော်တက်တဲ့အချိန်မှာ တိုက်တာ။ အဲဒီလို ကျော်တက်တာက ကားတွေက ကျော်တက်ကြတာများတယ်။ဆိုင်ကယ်တွေက ကားတွေ ဘာတွေကို ကျော်တက်တာ ရှားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူများကို သထုံမြို့ လူမှုကူညီရေးအသင်းတို့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
