ဟင်္သာတရဲစခန်းအနီးက သွားဆရာဝန် လင်မယားအသတ်ခံရမှု တစ်ပတ်ကြာသည်အထိ တရားခံမဖမ်းမိသေး

ဓာတ်ပုံ-ပေးပို့။ ပုံစာ-လူသတ်မှုဖြစ်ပွားခဲ့သည့် သွားဆေးခန်

By Bala / MPA

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတရဲစခန်းအနီးနေ သွားဆရာဝန်လင်မယား ဆေးခန်းအတွင်း ဓားဖြင့်ထိုးသတ်ခဲ့ရသည်မှာ တစ်ပတ်ကျော်ပြီဖြစ်သော်လည်း လက်ရှိချိန်ထိ တရားခံကို မဖမ်းနိုင်သေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၈ရက်၊ ညနေ ငါးနာရီခန့်က ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ ပါဆယ်လမ်းနှင့် ပတ္တမြားလမ်းဆုံအနီးရှိ သွားဆေးခန်းသို့ ဆေးခန်းလာပြသူ အမျိုးသားတစ်ဦးက အသက် ၄၉နှစ်အရွယ် ဒေါက်တာတင်မောင်ထွန်းနှင့် ၎င်း၏ ဇနီးဒေါ်ဇင်မင်းသက်တို့ကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ချိန်တွင် ဒေါက်တာတင်မောင်ထွန်း၏ လည်ပင်း၊ လက်ဝဲဘက်ခြမ်းတို့တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ လက်ဝဲဘက်ပါး ပြတ်ရှ ဒဏ်ရာတစ်ချက်၊ လက်ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ပြီး ဆေးရုံရောက်မှ သေဆုံးခဲ့သော်လည်း ၎င်း၏ ဇနီးမှာ လက်ဝဲဘက်နံစောင်း ထိုးသွင်းဒဏ်ရာဖြင့် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

“သတ်သွားတဲ့သူက သွားဆေးခန်းလာပြတာ၊ ပိုက်ဆံရှင်းမယ်လုပ်တော့ ငွေသားမပါဘူး။ Kpay နဲ့ရှင်းမယ်ဆိုပြီး စကားအချေအတင်များတာကနေ ဓားနဲ့ထိုးသွားတာလို့ ရဲတွေက ဒေသခံတွေကိုပြောထားတယ်။ မြို့ထဲမှာတော့ လူငှားပြီးသတ်ခိုင်းတာလို့ ပြောနေကြတယ်” ဟု အခင်းဖြစ်နေရာအနီးနေ ဒေသခံအမျိုးသမီးတစ်ဦး ပြောသည်။

အခင်းဖြစ်ပွားရာနေသည် ဟင်္သတမြို့မရဲစခန်းနှင့် မီတာ ၃၀၀ကျော်သာကွာဝေးသည့်နေရာဖြစ်သလို CCTV သက်သေများရရှိထားသော်လည်း လက်ရှိအချိန်ထိ တရားခံဖမ်းမမိခြင်းမှာ စဉ်းစားစရာဖြစ်ကြောင်း မြို့ခံများက ဝေဖန်နေကြသည်။

“ဆရာဝန်ကတော်ရဲ့ အဒေါ်က အသက် ၇၂နှစ်ရှိနေပြီ သူ့ပါထိုးသွားတာ။ကျောဘက်က ပြင်းတယ်။ဝင်လုံးတဲ့ ဆေးခန်းအကူမိန်းမလဲ တော်တော်ထိတယ်။ လက်အကြောပြတ်သွားတယ်။ အခုတော့ ဆေးရုံကနေ ဆင်းလာပြီလားမသိဘူး။ သေတော့မသေပါဘူး။ အနားမှာ လူတွေလည်းအများကြီးရှိပေမဲ့ ဘယ်သူမှ ဝင်မပါရဲဘူး။ရဲစခန်းက လမ်းလျောက်သွားရင် ထန်ကုန် ၃မိနစ်ပဲ။ပြေးလာရင်တောင် ရတာကို တရားခံက လွတ်သွားတာ။တရားခံက လူငယ်လို့ပဲ သိရတယ်”ဟု ပတ္တမြားလမ်းဆုံအနီးနေ အမျိုးသားတစ်ဦးက ပြောသည်။

အထက်ပါ လူသတ်တရားခံအား ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်သိန်းမှ တာဝန်ယူစစ်ဆေးနေသည်ဟုဆိုသော်လည်း လက်ရှိအချိန်ထိ ဖမ်းမမိသေးကြောင်း သေဆုံးသူနှင့် နီးစပ်သူများက ပြောသည်။

“ဟင်္သာတမြို့က ကျဉ်းကျဉ်းလေးကို ဖမ်းမမိသေးတာ၊ လူသတ်မှုဖြစ်တာကလဲ ရဲစခန်းနားလေးတင် လူအများကြီးရှိနေတဲ့အချိန်သတ်သွားတာကိုတောင် မဖမ်းနိုင်သေးဘူး။CCTVမှတ်တမ်းတွေလဲ ရပြီးသားကို ဘာလို့ကြာနေလဲတော့မသိဘူး။မဖမ်းနိုင်တာလား မဖမ်းတာလား မေးရမလိုဖြစ်နေပြီ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြို့လယ်ခေါင်ရှိ ရဲစခန်းအနီး လူသတ်ကာလွတ်မြောက်နေဆဲဖြစ်သည့် အမည်မသိအမျိုးသားတစ်ဦးအား င်္ဟသာတမြို့မရဲစခန်းမှ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ကာ စုံစမ်းရှာဖွေလျက်ရှိကြောင်း MPAက သိရသည်။

စာတည်း-ကိုဆန်း