၄ လကျော်အတွင်း စစ်ကိုင်းတိုင်း၌ စစ်အုပ်စုလက်ချက်ကြောင့် အမျိုးသမီး ၅၀ ခန့် အသက်ဆုံးရှုံး

ဓာတ်ပုံ - ပြည့်အောင်နိုင် ဖေ့စ်ဘွတ်ခ်
ပုံစာ-ကနီမြို့နယ်အတွင်း စစ်ကြောင်းရှောင်ပြေးနေရသော ပြည်သူများ။

၄လကျော်ကာလအတွင်း စစ်ကိုင်းတိုင်း၌ စစ်အုပ်စုလက်ချက်ကြောင့် အမျိုးသမီး ၄၇ ဦး အသက်ဆုံးရှုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်သည်။

၂၀၂၆ခုနှစ်၊ဇန်နဝါရီတစ်ရက်မှ မေလ၁၃ရက်အထိ စစ်ကိုင်းတိုင်း၌ စစ်အုပ်စုလက်ချက်ကြောင့် အမျိုး သမီး၄၇ဦး၊ အမျိုးသား၄၇ဦး စုစုပေါင်း ၉၄ဦး အသက်ဆုံးရှုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင် ခဲ့ပြီး ယင်းအထဲတွင် ၁၈နှစ်အောက်ကလေး ၁၇ဦး ပါဝင်ကြောင်း သိရသည်။

“လတ်တလော စစ်ကိုင်းတိုင်းထဲ အဆိုးရွားဆုံး ရင်ဆိုင်နေရတာက ကနီပါ။စစ်ကြောင်းထိုးနေတယ်။ လေကြောင်းတိုက်ခိုက်နေတယ်။ပြည်သူ ၃သောင်းခွဲလောက် ထွက်ပြေးတိမ်းရှောင်နေရလို့ အရေး ပေါ် အကူအညီလည်း လိုအပ်နေတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။

၄လကျော်ကာလအတွင်း သေဆုံးသူများအနက် ၇၆ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း AAPP ကဆိုသည်။

အဆိုပါ ကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား ၂၃၆ ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းကာ အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧပြီ၂၈ရက်မှစတင်ကာ ကနီမြို့နယ်ထဲသို့ စစ်တပ်ကာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသလို လေ ကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိရာ ပြည်သူအချို့ သေဆုံးမှုရှိကြောင်း ကနီ တက်ကြွ လှုပ်ရှားသူ ကိုပြည့်အောင်နိုင်က ဆိုသည်။