ရုရှားက မည်သည့် ကာကွယ်ရေးစနစ်ကိုမဆို ကျော်ဖြတ်နိုင်သည့် ဒုံးကျည်စနစ်များကို တိုးမြှင့်ထုတ်လုပ်မည်ဟု ပူတင်ပြော

ဓာတ်ပုံ - Sputnik

အနာဂတ်တွင် ပေါ်ပေါက်လာမည့် မည်သည့် ဒုံးကျည်ကာကွယ်ရေး စနစ်ကိုမဆို ကျော်ဖြတ်နိုင်စွမ်းရှိသော ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံက ဆက်လက် တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမီယာ ပူတင်က မေလ ၁၃ ရက်နေ့တွင် ပြောကြား သည်။

မော်စကိုမြို့ရှိ မဟာဗျူဟာမြောက် နျူကလီးယား ဒုံးကျည်စနစ်များစွာကို ထုတ်လုပ်ခဲ့သည့် အပူနည်းပညာ အင်စတီကျု (Institute of Thermal Technology) တွင် ပြုလုပ်သော အစည်းအဝေးတစ်ခု၌ ပူတင်က “ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယား အင်အားစုတွေကို ဆက်လက် ခေတ်မီအောင် လုပ်ဆောင်သွားမှာဖြစ်သလို၊ ခေတ်မီပြီး အနာဂတ်မှာ ပေါ်လာမယ့် ဒုံးကျည်ကာကွယ်ရေး စနစ်တွေကိုပါ ကျော်ဖြတ်နိုင်စွမ်းရှိတဲ့၊ တိုက်ပွဲဝင် စွမ်းဆောင်ရည် မြှင့်တင်ထားတဲ့ ဒုံးကျည်စနစ်တွေကို ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

မကြာသေးမီ နှစ်များအတွင်းက ရုရှားနိုင်ငံသည် အဆင့်မြင့် လက်နက်စနစ် အမျိုးအစား အစုံအလင်ကို ထုတ်လုပ်ခဲ့သည်။

သို့သော် ယခင်က အာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါ မော်ဒယ်အသစ်များသည် လက်ရှိရှိနှင့်ပြီးသား လက်နက်အမျိုးအစားများထက် “ဆယ်စုနှစ်ပေါင်းများစွာ” ရှေ့ရောက်နေသဖြင့် လုံလောက်မှုရှိကြောင်း ဖော်ပြခဲ့ဖူးသည်။

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် Sarmat ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်းအပေါ် မှတ်ချက်ပေးရာတွင် ရုရှားသည် “ကမ္ဘာပေါ်တွင် အလားတူမရှိသော” နျူကလီးယား စွမ်းဆောင်ရည်များကို ရရှိထားပြီဖြစ်ကြောင်းလည်း ပူတင်က ပြောကြားသည်။

အမေရိကန်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစာချုပ် (Anti-Ballistic Missile Treaty) မှ နုတ်ထွက်ခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများမှစ၍ ရုရှားသည် အဆင့်မြင့် မဟာဗျူဟာမြောက် လက်နက်စနစ်များကို ထုတ်လုပ်ခဲ့ကြောင်း၊ အမေရိကန်၏ နုတ်ထွက်မှုသည် မဟာဗျူဟာမြောက် အင်အားချိန်ခွင်လျှာကို ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ လက်နက်များထဲတွင် Avangard ဟိုက်ပါဆိုးနစ် လေဟုန်စီးယာဉ်၊ Kinzhal ဟိုက်ပါဆိုးနစ် ဒုံးကျည်၊ Poseidon နျူကလီးယားစွမ်းအင်သုံး ရေအောက် ဒရုန်းနှင့် Burevestnik ခရုစ်ဒုံးကျည်တို့ ပါဝင်သည်။

အခြား အဓိက လက်နက်စနစ်တစ်ခုမှာ RS-28 Sarmat တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး၊ ၎င်းမှာ လက်ရှိနှင့် အနာဂတ် ဒုံးကျည်ကာကွယ်ရေး စနစ်အားလုံးကို ကျော်ဖြတ်နိုင်စွမ်းရှိကြောင်း ရုရှား ပြောကြားထားသည်။