နတ်မောက်နှင့်ရမည်းသင်းအစပ်တွင် စစ်ကြောင်းထိုးလာသည့်တပ် မိုင်းဆွဲခံရပြီး ထိခိုက်မှုများဟုဆို

ဓာတ်ပုံ - စစ်ဦးစီးတပ်
ပုံစာ - တိုက်ပွဲဝင် စစ်ဦးစီးတပ် ရဲဘော်များ။(ပုံဟောင်း)

နတ်‌မောက်နှင့် ရမည်းသင်းအစပ်တွင် စစ်ကြောင်းထိုးလာသောတပ် မိုင်းဆွဲခံရပြီး အထိအခိုက် များကြောင်း သိရသည်။

ယနေ့(မေလ ၁၄ ရက်) နံနက် ၉ နာရီ ၄၂ မိနစ်ခန့်တွင် မကွေးတိုင်း ၊ နတ်မောက်မြို့နယ်မှ မန္တလေး တိုင်း ၊ရမည်းသင်းမြို့နယ်ဘက်သို့ ထွက်ခွာလာသည့် စုစုပေါင်းအင်အား ၁၅၀ ခန့်ပါ စစ်တပ်ယာဉ် တန်းနှင့် ခြေလျင်စစ်ကြောင်းကို နတ်မောက်နှင့်ရမည်းသင်း နယ်ခြားမှတ်တိုင်အနီး၌ မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ဦးစီးတပ်က သတင်းထုတ် ပြန်သည်။

“စစ်ခွေးထိခိုက်မှုကတော့ များနိုင်ပါတယ်။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ထိခိုက်ဒဏ်ရာရ တချို့နဲ့စစ်ကြောင်း တစ်ဝက်လောက်ကတော့ ရမည်းသင်းဘက် ဆက်လက်ထွက်ခွာနေပါတယ်။ တစ်ဝက်လောက်ကတော့ မိုင်းကွင်းနားမှာ‌ပဲ ရှိနေသေးတယ်ဗျ”ဟု စစ်ဦးစီးတပ်မှ တာဝန်ရှိသူတစ် ဦးက ယနေ့၊ နေ့ခင်း ၁၂နာရီကျော်တွင် MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် မေလ ၈ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နတ်မောက်မြို့နယ်၊ ကန် သာကျေးရွာ၌ တပ်စွဲနေရာမှ မေလ ၁၃ ရက်တွင် ဖက်တောရေကျေးရွာသို့ ရောက်ရှိခဲ့ပြီး ရမည်း သင်းဘက်သို့ ယနေ့ပြန်လည်ထွက်ခွာစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းတွင် ကား ၄ စီး ၊ ထွန်စက်တစ်စီး ၊ ဆိုင်ကယ် ၁၀ စီးနှင့် ခြေလျင်အင်အားများ ပါဝင်ပြီး မိုင်းဆွဲမခံရမီ လမ်းတစ်လျှောက်၌ ဒရုန်းများဖြင့် ဗုံးသီးများ ကြိုတင်ကြဲချကာ လမ်း ကြောင်းရှင်းခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက်၊ နံနက် ၈ နာရီ ၁၆ မိနစ်ခန့်တွင် ယင်းစစ်ကြောင်းကို နတ်မောက်မြို့နယ်၊ သပွတ်ပင် ကျေးရွာနှင့် ကျောက်အိုးကျေးရွာကြားနှင့် နံနက် ၁၀ နာရီ ၁၀ မိနစ်နှင့် ၁၀ နာရီ ၁၂ မိနစ်၌ နတ်မောက်မြို့နယ်၊ ထန်းပင်မျှောင်ကျေးရွာနှင့် ကန်သာကျေးရွာအကြားတို့၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် မတ်လ ၃၀ ရက်မှစတင်၍ ရမည်းသင်းမြို့နယ်၊ လွှစဉ်ကျေးရွာမှ ထွက်ခွာလာ သည့် စစ်ကြောင်းဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမှတစ်ဆင့် နတ်မောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်သည်။