မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအပေါ် ဥရောပသမဂ္ဂ (EU) က ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများတွင် EU အဖွဲ့ဝင်မဟုတ်သော အခြားဥရောပ ၁၁ နိုင်ငံကပါ ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း EU Council က မေ ၁၃ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ချမှတ်ခဲ့သည့် EU ကောင်စီ၏ ဆုံးဖြတ်ချက် (CFSP) ၂၀၂၆/၉၂၇၁ အရ လက်ရှိမြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကန့်သတ်ချုပ်ချယ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်များကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ယခု သက်တမ်းတိုးလိုက်သည့် ပိတ်ဆို့မှုစာရင်းတွင် စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၃၃ ဦးနှင့် အဖွဲ့အစည်း ၉ ခုတို့ ပါဝင်ပြီး၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများအား ချိတ်ပိတ်ခြင်းနှင့် ရန်ပုံငွေများ ရယူသုံးစွဲခွင့်ကို ကန့်သတ်ခြင်းများအား ဆက်လက်အတည်ပြုခဲ့သည်။
ထူးခြားချက်မှာ EU အဖွဲ့ဝင်မဟုတ်သော်လည်း အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ အိုက်စလန်၊ လစ်တန်စတိန်း၊ မော်လ်ဒိုဗာ၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယား၊ နော်ဝေ၊ ဆားဘီးယားနှင့် ယူကရိန်းနိုင်ငံတို့က EU ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်မည်ဟု ကတိပြုလာခြင်းဖြစ်သည်။
“ဒါဟာ စစ်ကော်မရှင်အတွက် သံတမန်ရေးတင်မကဘူး၊ စီးပွားရေးအရပါ ပတ်ချာလည် ပိတ်မိသွားတဲ့ သဘောပဲ။ အရင်က EU မဟုတ်တဲ့ ဥရောပနိုင်ငံတွေကို သုံးပြီး ငွေလွှဲတာမျိုး၊ စီးပွားရေးလုပ်တာမျိုး ရှိခဲ့ရင်တောင် အခုကတော့ လမ်းစတွေ အကုန်ပိတ်သွားပြီလို့ ပြောလို့ရတယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
အဆိုပါ ၁၁ နိုင်ငံသည် ၎င်းတို့၏ နိုင်ငံအလိုက် မူဝါဒများကို EU ကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူခဲ့ကြပြီး၊ ဥရောပသမဂ္ဂဘက်ကလည်း ယင်းကတိကဝတ်ပြုမှုကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “EU ရဲ့ ပိတ်ဆို့မှုမှာ တခြားနိုင်ငံတွေပါ တန်းစီပြီး ပါလာတာဟာ စစ်ကော်မရှင်ရဲ့ တရားဝင်မှုကို နိုင်ငံတကာက လုံးဝအသိအမှတ်မပြုဘူးဆိုတာ ပြလိုက်တာပါ။ အထူးသဖြင့် ယူကရိန်းလို နိုင်ငံမျိုးပါ ပါလာတာဟာ တော်လှန်ရေးအင်အားစုတွေအတွက် သံတမန်ရေးရာ အားတစ်ခုဖြစ်စေတယ်” ဟု မှတ်ချက်ပြုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားသည့် နိုင်ငံပေါင်း ၃၈ နိုင်ငံအထိ ရှိလာပြီဖြစ်ပြီး အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ကလည်း အလားတူ ပြင်းထန်သည့် ဒဏ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
စစ်ကော်မရှင်ဘက်ကမူ ဤသို့သော ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားမဖြစ်စေကြောင်း ဝါဒဖြန့်နေသော်လည်း၊ နိုင်ငံတကာကမူ စစ်ကော်မရှင်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖြတ်တောက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ဥရောပနိုင်ငံများ၏ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်မှုကြောင့် စစ်ကော်မရှင်နှင့် ၎င်းတို့၏ လက်ပါးစေကုမ္ပဏီများအတွက် နိုင်ငံတကာ ငွေကြေးစီးဆင်းမှု လမ်းကြောင်းများ ပိုမိုကျပ်တည်းလာဖွယ်ရှိပြီး သံတမန်ရေးရာအရလည်း ပိုမိုအထီးကျန်လာဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
