အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဌရာထူးယူထားသူသည့် ခင်ရီက ယခင်အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့သည့် ဥပဒေများကို ပြန်စိစစ်မည်ဟု ယနေ့( မေ ၁၅ရက်) နံနက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ လွတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်သူများအား ဖိနှိပ်ချုပ်ချယ်ရန် အသုံးပြုခဲ့သည့် ကိုလိုနီခေတ်နှင့် ယခင်စစ်အစိုးရခေတ် ပြဋ္ဌာန်းချက်များကို အဓိကထားဖျက်သိမ်းခဲ့ပြီး၊ ယင်းတို့အနက် အာဏာပိုင်များက မတရားဖမ်းဆီးထောင်ချရန် အသုံးအများဆုံးဖြစ်ခဲ့သော ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေလည်း ပါဝင်ခဲ့သည်။
ထို့အပြင် လူ့အခွင့်အရေးနှင့် ညီညွတ်မှုမရှိသည့် ညအိပ်ညနေ ဧည့်စာရင်းတိုင်ကြားရမည့်စနစ်နှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို အလွယ်တကူ တရားစွဲဆိုလေ့ရှိသည့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတို့ကိုလည်း NLD အစိုးရက ပြည်သူ့အကျိုးအတွက် အပြီးတိုင် ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် ဦးခင်ရီက အဆိုပါလွှတ်တော်အသစ်သည် မဲဆန္ဒရှင်ပြည်သူများက အခက်အခဲများကြားမှ မဲပေးခဲ့၍ ပေါ်ပေါက်လာခြင်းဖြစ်ပြီး နိုင်ငံတော်တိုးတက်ရေးနှင့် ပြည်သူ့အကျိုးအတွက် ဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ရမည်ဟု အကြောင်းပြကာ အဆိုပါဖျက်သိမ်းပြီးသား ဥပဒေများကို ပြန်လည်စိစစ်ရန် ပြောဆိုလာခြင်း ဖြစ်သည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူတစ်ဦးက “စစ်ကော်မရှင်အနေနဲ့ ပြည်တွင်းပြည်ပမှာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား တရားဝင်မှုရရှိစေဖို့ ဒီအတုအယောင် လွှတ်တော်အသစ်ကို ခုတုံးလုပ်ပြီး ဝါဒဖြန့်နေတာ ထင်ရှားတယ်၊ ပြည်သူတွေ အကျပ်အတည်းကြားက မဲပေးခဲ့ရလို့ လွှတ်တော်ပေါ်လာတယ်ဆိုတာ သက်သက်လှည့်စားမှုပဲ” ဟု ထောက်ပြသည်။
ဝါရင့်ဥပဒေပညာရှင်တစ်ဦးကလည်း “ဦးခင်ရီ ပြောကြားသွားတဲ့အချက်ဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတဲ့ စစ်အာဏာရှင်ခေတ်က ဥပဒေဆိုးတွေကို သူတို့အာဏာတည်မြဲရေးအတွက် တရားဝင်ပြန်လည်အသက်သွင်းဖို့ လမ်းဖွင့်လိုက်တာဖြစ်ပြီး ဥပဒေပြုမဏ္ဍိုင်ကို သူတို့စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်” ဟု သုံးသပ်သည်။
တစ်ဖက်တွင်လည်း ဦးခင်ရီက နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပါတီတို့ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သလို၊ စစ်ကော်မရှင်အစိုးရက ရက် (၁၀၀) စီမံကိန်းများ ဆောင်ရွက်နေခြင်းရှိသဖြင့် ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် လွှတ်တော်ကိုယ်စားလှယ်များဘက်က ပူးပေါင်းပါဝင်ကြရန် ပြောကြားထားသည်။
ထို့အတူ ပြည်သူ့အသံများကို လွှတ်တော်အတွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရမည့် ကိုယ်စားလှယ်များအနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းကို ဥပဒေပြဋ္ဌာန်းချက်အတိုင်း တိတိကျကျ လိုက်နာရန်၊ ရွေးကောက်ပွဲကာလက ပေးခဲ့သည့် ကတိများကို အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် ပြည်သူများနှင့် ပိုမိုနီးကပ်စေရန် လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ရမည်ဟု ၎င်းက ဆိုသည်။
တက်ကြွလှုပ်ရှားသူတစ်ဦးက “မြေပြင်မှာတော့ သူတို့က ရက် ၁၀၀ စီမံကိန်းတွေ၊ လွှတ်တော်ကော်မတီတွေ အယောင်ပြပြီး ပြည်သူကို လှည့်စားနေတာ၊ တကယ်တမ်းက NLD လက်ထက်က လွတ်လပ်ခွင့်ပေးခဲ့တဲ့ ဥပဒေတွေကို အကုန်ဖျက်ပြီး ပြည်သူကို ဥပဒေနဲ့ ပြန်နှိပ်ကွပ်ဖို့ လုပ်နေတာပဲ” ဟု ဝေဖန်သည်။
အမှန်စင်စစ်အားဖြင့် NLD အစိုးရ ဖျက်သိမ်းခဲ့သည့် အဆိုပါဥပဒေအချို့သည် ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက မြေပြင်တွင် စစ်ကော်မရှင်၏ ပြန်လည်ပြဋ္ဌာန်းခြင်းကို ခံထားရပြီးဖြစ်ရာ၊ လွှတ်တော်အတွင်း၌ တရားဝင် ပြန်လည်စိစစ်မည်ဟု ထပ်မံထုတ်ဖော်လာခြင်းသည် ပိုမိုတင်းကျပ်သည့် ဥပဒေယန္တရားများဖြင့် ပြည်သူလူထုကို ဖိနှိပ်ထိန်းချုပ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
ဦးခင်ရီ၏ မကွေးခရီးစဉ်အတွင်း ပြောဆိုချက်များသည် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲရလဒ်နှင့် လွှတ်တော်ပုံရိပ်ကို ကောင်းမွန်အောင် အတင်းအကျပ် ဖန်တီးနေခြင်းဖြစ်ပြီး၊ လက်တွေ့တွင်မူ ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ်ချုပ်ချယ်မည့် ဥပဒေဟောင်းများ အသုံးပြုကာ အကျပ်အတည်းတွင်းသို့ ဆက်လက်တွန်းပို့ရန် ပြင်ဆင်နေခြင်းသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။
