ကနီတွင် မုံရွာ-ကလေးဝလမ်းနှင့် ချင်းတွင်းမြစ်ကြောင်း ခရီးသွားလာခွင့် ယာယီပိတ်

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း မုံရွာ-ချောင်းမ-ယာကြီး-ကလေးဝလမ်းနှင့် ချင်းတွင်းမြစ်ကြောင်း ခရီးသွားလာခွင့်ကို ယနေ့(မတ်၁၇ရက်)မှစ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း မြို့နယ်အရေးပေါ် အုပ်ချုပ်ရေး(ဗဟို)အဖွဲ့၊ကနီမြို့နယ်က သတင်းထုတ်ပြန်သည်။

လုံခြုံရေးအခြေအနေအရ ယင်းလမ်းများပေါ် ခရီးသွားလာမှုကို ပိတ်ပင်ခြင်းဖြစ်ပြီး ခွင့်ပြုချက် မထုတ်ပြန်မချင်း ယခုအမိန့်သည် အတည်ဖြစ်ကာ ခွင့်ပြုချက်မဲ့ ခရီးသွားလာပြီး ပြဿနာ ဖြစ် ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းလည်း သတင်းနှင့်ပြန်ကြားရေး ကနီမြို့ နယ် ဖေ့စ်ဘွတ်ခ်၌ ထုတ်ပြန်ထားသည်။

“ဧပြီလကုန်ပိုင်းကတည်းက အင်အား၁၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်။ရွာစဉ်လှည့်တယ်။ မီးရှို့တယ်။တွေ့တဲ့ ပြည်သူတွေကို ဖမ်းတယ်၊သတ်တယ်။အလုပ်ပျက်အကိုင်ပျက် ဒေသခံတွေ သောင်းနဲ့ချီ စစ်ရှောင်နေရတယ်။ဒီအချိန်မှာ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အတိုင်း အလေးအနက် လိုက်နာဖို့ လိုတယ်။ကနီနဲ့ ဆက်သွယ်ဖို့ ခက်လို့ ဒီနေ့ နောက်ဆုံးအခြေအနေကို မသိရဘူး”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ကနီမြို့နယ်အတွင်း စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အ အုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ လေကြောင်း တိုက်ခိုက်မှုများရှိနေခြင်း ကြောင့် အများပြည်သူများအနေဖြင့် လုံခြုံရေးအသိနှင့် ခရီးသွားလာကြရန် အထူးလိုအပ်ကြောင်း လည်း ထုတ်ပြန်ထားသည်။

ဒေသခံ ပြည်သူတို့၏ လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ သ တင်းလုံခြုံမှုရှိစေရန် NUG ရုံးလုပ်ငန်းသုံး စတားလင့်အင်တာနက်စက်များနှင့် မဟာမိတ်တပ်ဖွဲ့များ ၏ အင်တာနက်စက်များမှအပ ကျန်စတားလင့်အင်တာနက်စက်များအားလုံးကို မေလ၈ရက်မှစ၍ ယာယီပိတ်သိမ်းရန် မြို့နယ်အရေးပေါ် အုပ်ချုပ်ရေး(ဗဟို)အဖွဲ့၊ကနီမြို့နယ်က ထုတ်ပြန်ထားသည်။

စာတည်း-ML