အတုအယောင် သမ္မတမင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့၏ အထင်ကရနေရာဖြစ်သော အမျိုးသားကန်တော်ကြီးဥယျာဉ်ကို သဘာဝအတိုင်း နှစ်လိုဖွယ်မြင်ကွင်း ဖြစ်စေလိုကြောင်း ဆိုသော်လည်း၊ တပြိုင်နက်တည်းတွင် ကန်အတွင်း ရေအမြဲပြည့်နေစေရေးနှင့် ပန်းများ အမြဲမပြတ် ဖူးပွင့်နေစေရေး ညွှန်ကြားခဲ့သည်။
မေလ ၁၇ ရက်နေ့က ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်သို့ သွားရောက်စစ်ဆေးချိန်အတွင်း မင်းအောင်လှိုင်က ဥယျာဉ်အတွင်း မျက်စိပသာဒဖြစ်စေရန် သစ်ပင်ကြီးများကို အောက်ခြေရှင်းလင်းခြင်း၊ အလင်းဖွင့်ခြင်းများ ဆောင်ရွက်ရန်အပြင်၊ ကန်တော်ကြီးအတွင်း၌ ရေများ အမြဲတမ်း ပြည့်လျှံနေစေရေးနှင့် ပန်းမျိုးစုံ အမြဲမပြတ် ဖူးပွင့်လှပနေစေရန် ရေရှည်စီမံကိန်း (Master Plan) စနစ်တကျရေးဆွဲ၍ လုပ်ဆောင်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒေသမျိုးရင်းပန်းများဖြစ်သော မေမြို့ပန်းနှင့် ဂန္ဓမာပန်းများကို ပိုမိုတိုးတက်စိုက်ပျိုးရန်၊ ဖန်လုံအိမ် (Green House) များဖြင့် စိုက်ပျိုးသွားရန်၊ တောတွင်းလျှောက်လမ်းများနှင့် ဝါးပင်တန်းလျှောက်လမ်းများကို အသစ်ပြန်လည် တည်ဆောက်ရန်အပြင် ချယ်ရီပင်များကို တိုးချဲ့စိုက်ပျိုးရန်လည်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
“ပြင်ဦးလွင် ကန်တော်ကြီးဆိုတာ သဘာဝရေဝေရေလဲဒေသတွေနဲ့ မြေအောက်ရေကြောပေါ်မှာ အခြေခံထားတာပါ။ အခုလို ရာသီဥတုဖောက်ပြန်ပြီး နွေရာသီမှာ ရေလျော့နည်း ခန်းခြောက်သွားတာဟာ သဘာဝတရားပဲ ဖြစ်ပါတယ်။ အဲဒီလို မြေပြင်အခြေအနေမှန်ကို သေချာမလေ့လာဘဲ ၁၂ ရာသီပတ်လုံး ရေအမြဲပြည့်နေရမယ်လို့ ဇွတ်အတင်း အမိန့်ပေးနေတာက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကိုပါ ပျက်စီးအောင် လုပ်ခိုင်းသလို ဖြစ်နေပါတယ်”ဟု ရေအရင်းအမြစ်ပညာရှင်တစ်ဦးက ထောက်ပြသည်။
အလားတူ စိုက်ပျိုးရေးပညာရှင်တစ်ဦးက “ပန်းပင်ဆိုတာ သူ့ရာသီအလိုက် ဖူးပွင့်ရတဲ့ သဘာဝတရား ရှိပါတယ်။ သဘာဝဥယျာဉ်ဆိုတာ ကွန်ကရစ်ပန်းခြံ မဟုတ်တဲ့အတွက် ဥတုရာသီအလိုက် ပြောင်းလဲသွားတာကို လက်ခံရမှာပါ။ အဲဒါကို ဖန်လုံအိမ်တွေ အတင်းဆောက်ပြီး စိတ်ကြိုက်ဖြစ်အောင် ဇွတ်ဖန်တီးခိုင်းတာကတော့ ငွေကုန်ကြေးကျများတဲ့ ဟန်ပြအလုပ်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်”ဟု ၎င်း၏အမြင်ကို ပြောသည်။
ဒေသခံများ၏ အဆိုအရ ပြင်ဦးလွင် ကန်တော်ကြီးသည် ကရင်ချောင်းနှင့် အခြားရေထွက်များမှတစ်ဆင့် ရေဝင်ရောက်ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အထက်ပိုင်း ရေဝေရေလဲဒေသများ၌ အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ သစ်တောပြုန်းတီးခြင်းများကြောင့် နွေရာသီတွင် ရေလျော့နည်းရခြင်းဖြစ်သဖြင့် အပေါ်ယံညွှန်ကြားချက်များဖြင့် ရေရှည်အဆင်မပြေနိုင်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ခံတစ်ဦးကလည်း စစ်ကော်မရှင်ဥက္ကဋ္ဌသည် သဘာဝဥယျာဉ်၏ သဘောတရားကို ရိုးရိုးပန်းခြံများကဲ့သို့ စိတ်ကြိုက်ပြင်ဆင်၍ ရနိုင်သည်ဟု ထင်မှတ်နေပုံရကြောင်း၊ မြေပြင်တွင် သစ်တောများပြုန်းတီးပြီး ရာသီဥတု ပူပြင်းလာခြင်း၊ ရေအရင်းအမြစ်များ ခန်းခြောက်လာခြင်းတို့ကို အရင်းအမြစ်မှ စတင်ဖြေရှင်းခြင်းမရှိဘဲ၊ ကန်အတွင်း ရေအမြဲပြည့်ရန်နှင့် ပန်းများအမြဲပွင့်ရန် လိုက်လံပြောဆိုနေခြင်းမှာ လက်တွေ့မကျကြောင်း ဝေဖန်သည်။
စစ်ကော်မရှင်ဥက္ကဋ္ဌသည် မည်သည့်နေရာသို့မဆို သွားရောက်သည့်အခါ မြေပြင်လက်တွေ့နှင့် ကင်းကွာသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လမ်းညွှန်ချက်များကို စိတ်ကူးပေါက်သလို အမြဲလိုက်လံပြောဆိုလေ့ရှိပြီး၊ အဆိုပါအချက်များသည် လက်တွေ့တွင် အကောင်အထည်ဖော်ရန် လုံးဝမဖြစ်နိုင်သည့် ဝါဒဖြန့် ဟန်ပြလုပ်ရပ်များသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။
အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ဦးလွင်ဒေသတွင်လည်း တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ခရီးသွားလုပ်ငန်းများ ကျဆင်းနေချိန်တွင်၊ အောက်ခြေဝန်ထမ်းများကို ငွေကုန်ကြေးကျများပြီး အနှစ်သာရမရှိသည့် စီမံကိန်းအသစ်များဖြင့် ထပ်မံဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်ဟု လေ့လာသူများက ထောက်ပြကြသည်။
မင်းအောင်လှိုင်၏ ပြင်ဦးလွင် ကန်တော်ကြီး ခရီးစဉ်အတွင်း ပေးအပ်ခဲ့သည့် လမ်းညွှန်ချက်များသည် သဘာဝပတ်ဝန်းကျင်နှင့် ရေမြေတောတောင်၏ သဘောတရားကို မျက်ကွယ်ပြုကာ၊ အပေါ်ယံအလှအပကိုသာ ဦးစားပေးခိုင်းသည့် စစ်အာဏာရှင်ဆန်ဆန် အမိန့်ပေးမှုတစ်ခုသာ ဖြစ်ကြောင်း ပညာရှင်များနှင့် ပြည်သူများက တညီတညွတ်တည်း သုံးသပ်ကြသည်။
စာတည်း-ကိုဆန်း
