ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ မိုးများနိုင်

ဓာတ်ပုံ- ဦးဝင်းနိုင် Facebook ပုံစာ- စက်တင်ဘာ ၂၅ရက်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းခြေနေပြ မြေပုံ

By Su Lab/ MPA

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် ဒေသအချို့တွင် မိုးရေချိန်များနိုင်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်မြောက်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးတွင် စက်တင်ဘာ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သော အထက်လေပွေလှိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး စက်တင်ဘာ ၂၂ ရက်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကို ရောက်ရှိနိုင်မှာဖြစ်ကြောင်း မိုလေဝစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ယင်းနောက် စက်တင်ဘာ ၂၅ ရက်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်မှာဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက စက်တင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ရန်ကုန်မှာတော့ ဒီနေ့မနက်ကတည်းက လေရောမိုးရောချနေတယ်။ လေလဲကြမ်းတယ်လို့ပြောလို့ရတယ်။ တခြားနေရာတွေတော့မသိဘူး။ ကျမတို့ဆီမှာတော့ တော်တော်လေးရွာတယ် အခုလည်းရွာနေတုန်းပဲ”ဟု စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးကဆိုသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီအထိ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးရေချိန် ၄ လက်မနှင့်အထက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားကြသည်။

မိုးများနိုင်သည့်ဒေသများမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့နှင့်အနောက်)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တောင်းပိုင်းဖြစ်ပြီး စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားကြသည်။

“စပါး/ပဲ/သီးနှံမျိုးစုံစိုက်ပျိုးကြတဲ့ တောင်သူကြီးတွေအတွက် မိုးနှောင်းကာလအပြီး မိုးလွန်ကာလကိုဖြတ်သန်းရင်းအောင်ရေရနိုင်ဖို့မျှော်လင့်ရသလို အခါလွန်မိုး၊ ဖျက်မိုးဆိုတာတွေလာမှာလဲ စိုးရိမ်ကြရတဲ့ကာလဖြစ်ပါတယ်”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

စက်တင်ဘာ ၁ ရက်မှစတင်သည့် မိုးနှောင်ကာလသည် အောက်တိုဘာ ၁၀ ရက်တွင်ပြီးဆုံးမှာဖြစ်ပြီး မိုးလွန်ကာလမှာ အောက်တိုဘာ ၁၁ ရက်မှ နိုဝင်ဘာလကုန်အထိဖြစ်ပြီး အဆိုပါကာလအတွင်း မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိခြင်းကြောင့် လယ်ကွင်းပြင်တွင်အလုပ်လုပ်ကိုင်ကြရသည့် တောင်သူများအနေဖြင့် သတိပြုကြရန် တိုက်တွန်းထားသည်။

ယခုနှစ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပွားခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းမရှိသော်လည်း ၎င်းအရှိန်ကြောင့် မိုးများခြင်း၊ ရေကြီးခြင်းများဖြစ်ပေါ်ခဲ့ရသည်။

စာတည်း-ကိုဆန်း