ပိုမိုဆိုးရွားနေသော စားနပ်ရိက္ခာပြဿနာကို အရေးပေါ်တုံ့ပြန်နိုင်ရေး ယူရို၈သန်း အီးယူ ကူညီပေး

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲ ပိုမိုဆိုးရွားလာနေချိန်တွင် အရေးပေါ်တုံ့ပြန်နိုင် ရန် အတွက် ဥရောပသမဂ္ဂ(အီးယူ)က ယူရို၈သန်းကူညီလိုက်ကြောင်း သိရသည်။

အီးယူအနေနှင့် မြန်မာနိုင်ငံတွင် အရေးပေါ်လိုအပ်နေသော စားနပ်ရိက္ခာနှင့် အာဟာရအထောက်အ ပံ့အတွက် WFPမှတစ်ဆင့် ထောက်ပံ့ပေးလိုက်ခြင်းဖြစ်ကြောင်း ယနေ့(မေ၁၈ရက်)၌ အီးယူနှင့် WFP တို့က ပူးတွဲထုတ်ပြန်လိုက်သည်။

“စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပါတယ်။မိသားစုတွေလည်း ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေကြရပါတယ်။လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကလည်း ပိုမို များပြားလာနေပါတယ်”ဟု ထုတ်ပြန်ထားသည်။

အီးယူ၏ ထောက်ပံ့မှုကို WFPအနေနှင့် ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနှင့် ပိုဆိုးရွားလာသည့် စားနပ်ရိက္ခာအခက်အခဲများကြောင့် ထိခိုက်ခံစားနေရသော မိသားစုများအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။

“အီးယူရဲ့ ထောက်ပံ့မှုနဲ့ WFP ရဲ့ အကူအညီပေးနေမှုအပေါ် ကြိုဆိုပါတယ်။ဒါပေမဲ့၊နိုင်ငံတကာရဲ့ အ ထောက်အပံ့တွေဟာ စစ်ဘေးသင့် ပြည်သူတွေဆီ ရောက်ရှိတဲ့ ရာခိုင်နှုန်း အင်မတန်နည်းနေတယ် ဆိုတာကို နိုင်ငံတကာ သိဖို့လိုပါမယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ထို့အပြင်ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ကလေးငယ်များအတွက် အထူးအာဟာရအထောက် အပံ့များလည်း ပေးအပ်သွားမည်ဟု အီးယူနှင့် WFP တို့က ပူးတွဲထုတ်ပြန်ထားသည်။

နိုင်ငံတကာအကူအညီများ စစ်ဘေးသင့်ပြည်သူများဆီသို့ အမှန်တကယ်ရောက်ရှိလာနိုင်မည့် နည်း လမ်းများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် စဉ်းစားသင့်ကြောင်း မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူက ဆိုသည်။
စာတည်း-ML