ယင်းမာပင်တွင် စစ်ကြောင်းထိုးလာသောတပ်ကို PDF မိုင်းဆွဲ၊အရာရှိတစ်ဦးအပါအဝင် ၅ဦးသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသောတပ် မိုင်းဆွဲခံရပြီး အရာရှိတစ်ဦး အပါအဝင် ၅ဦးသေဆုံးကြောင်း သိရသည်။

မေလ ၁၇ရက်၊ နံနက် ၁၀နာရီခွဲခန့်တွင် ယင်းမာပင်မြို့မှ ထွက်လာသည့် အင်အား ၁၀၀ပါစစ် ကြောင်းနှင့် ယန်စီကုမ္ပဏီမှ ထွက်လာသည့် အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကြောင်းတို့ကို ယန်စီ ကုမ္ပဏီနှင့် ယင်းမာပင်မြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူလည်း များကြောင်း ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

” မိုင်းစဆွဲခဲ့တာက ၁၀နာရီခွဲလောက်ကနေညနေ ၆နာရီလောက်ထိစောင့်ပြီးတိုက်ခိုက်ခဲ့တာပါ။ ယင်းမာပင်မြို့နယ်ကထွက်လာတဲ့စစ်ကြောင်းကိုအရင်မိုင်းဆွဲပြီး စစ်ကြောင်း ၂ကြောင်းပေါင်းသွားတဲ့ အခါမှာလည်း ထပ်မံမိုင်းဆွဲခဲ့တာပါဗျ။ မိုင်းအလုံး၂၀ကျော်” ဟု ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ကိုဖြိုးက MPA သို့ပြောသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကြောင်းတစ်ကြောင်းသည် ယင်းမာပင်မြို့နယ်အနောက်ခြမ်းသို့ ဆက်လက်ထွက်ခွာပြီး နောက်တစ်ကြောင်းက မုံရွာဘက်သို့ထွက်ခွာသွားကြောင်း သိရသည်။

” တစ်ကြောင်းက ယင်းမာပင်မြို့နယ်အနောက်ဘက်ခြမ်းကိုရောက်သွားပြီး ကျန်တစ်ကြောင်းက လူနာတွေနဲ့အလောင်းတွေကိုသယ်ပြီး မုံရွာဘက်ကိုကူးသွားတယ်ဗျ” ဟု ၎င်းကဆက်လက် ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ယန်စီကုမ္ပဏီအတွင်းမှလည်း ပစ်ကူပေးခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာသည် ယင်းမာပင်မြို့နှင့် ယန်စီကုမ္ပဏီတို့နှင့် ၃မိုင်ဝန်းကျင်သာ ဝေး ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့၊ တော်လှန်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင် ခရိုင်တပ်ရင်းတစ်၊ B-21တပ်ဖွဲ့၊ယင်းမာပင်ခရိုင်တပ်ရင်း ၁၅တပ်ခွဲတစ်၊ ဆားလင်းကြီးမြို့နယ်လက် ရုံးတပ်ဖွဲ့၊SSTFဇာမနီပြောက်ကျားတပ်ဖွဲ့၊BLACK VOTE FIGHTERတပ်ဖွဲ့၊BROTHER DEFENCE FORCEတပ်ဖွဲ့၊အာဠာဝကတပ်ရင်းနှင့်ကိုယ်ထူကိုယ်ထဗိုလ်စက္ကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML

ဓာတ်ပုံ – ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့
ပုံစာ – မိုင်းဆွဲတိုက်ခိုက်မှုမြင်ကွင်း။