ဆောတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကို စစ်သားများ အဓမ္မပြုကျင့် သတ်ဖြတ်

ဓာတ်ပုံ - ယောအလင်းတန်း
တပြင်းကျေးရွာအဝင် ဆိုင်းဘုတ်။

မကွေးတိုင်း ၊ ဆောမြို့နယ် ၊ တပြင်းကျေးရွာတွင် ရောက်ရှိနေသည့် ကပစ ၂၄ စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မေလ ၁၈ ရက် နေ့လယ်ပိုင်းတွင် တပြင်းကျေးရွာအတွင်း ပိတ်မိနေသည့် အသက် ၃၄ နှစ်အရွယ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ မိစိုး(ခ)မတင်မာစိုး(၃၄နှစ်)ကို ယင်းကျေးရွာအတွင်း ဝင်ရောက်နေ သည့် ပေါက်မြို့နယ် အခြေစိုက် ကပစ ၂၄စစ်ကြောင်းမှ စစ်သားအချို့က အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း ယောအလင်းတန်းထံက သိရသည်။

“မနေ့ကပါဗျ။ ရွာတွင်းပိတ်မိနေသူက ပြောပြလာတာပါဗျ။ သတင်းပေးသူက အဆက်သွယ်ပြတ် နေတယ်။ ကျေးရွာတွင်း ဝင်ထွက်မရသလို အနားကပ်မရလို့ပါ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက MPA သို့ပြောသည်။

ယင်းအမျိုးသမီးကို စစ်သားများက အဓမ္မပြုကျင့်သည်မှာ သေချာသော်လည်း တစ်ဦးချင်းအနေနှင့် လား၊အုပ်စုဖွဲ့ပြုကျင့်ခြင်းဆိုသည်ကိုမူ အတည်မပြုနိုင်သေးပေ။

အင်အား ၄၀၀ ကျော်ပါသည့် ယင်းစစ်ကြောင်းသည် မေလ ၁၅ ရက်၌ တပြင်းကျေးရွာသို့ရောက်ရှိ တပ်စွဲနေခြင်းဖြစ်ကာ ယနေ့(မေလ ၁၉ ရက်)အထိ ကျေးရွာအ တွင်း ဆက်လက်ရှိနေကြောင်း သိရသည်။

ယင်းစစ်ကြောင်းကြောင့် တပြင်းကျေးရွာမှ ပြည်သူများ တိမ်းရှောင်နေကြသော်လည်း သက်ကြီးရွယ် အိုနှင့် ပြည်သူအချို့ ကျေးရွာအတွင်း ပိတ်မိနေ‌ပြီး ယင်းပြည်သူများထဲမှ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားသေးကြောင်း ယောအလင်းတန်းထံက သိရသည်။

ယင်းစစ်ကြောင်းသည် မေလ ၉ ရက်တွင် ကပစ ၂၄ မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ကျောက်ထုမြို့ အခြေစိုက် အမတ ၃၆၈သို့ ဆက်လက်သွားနိုင်ကြောင်း သိရသည်။

စာတည်း-ML