လှိုင်သာယာတွင်အတုအယောင်ရွေးကောက်ပွဲအကြောင်း လှုံ့ဆော်စာကပ်သူ နှစ်ဦး ဖမ်းဆီးခံရ

စစ်ကော်မရှင်က ထုတ်ပြန်ထားသည့်ပုံ

By Moe Nya / MPA

ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်တွင် စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ကန့်ကွက်ရန် လှုံ့ဆော်စာများ လိုက်လံကပ်သူ အမျိုသား နှစ်ဦးကို စစ်ကော်မရှင်က ဖမ်းဆီး အရေးယူထားကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

ပြီးခဲသည့် စက်တင်ဘာ ၁၇ ရက်၊ နံနက် ၆ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ကျန်စစ်သားလမ်း နှင့် ဦးဖိုးလှိုင် လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်များတွင် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရန် စာများကပ်ခံရခြင်းဖြစ်သည်။

“ဖမ်းဆီးခံရတဲ့သူတွေ အခြေအနေကို စိုးရိမ်ရတယ်။ စစ်တပ်အာဏာသိမ်းဆန္ဒပြတုန်းက ပထမတစ်ကြိမ်ဖမ်းခံခဲ့ရသေးတယ်။ အဲ့ဒီတုန်းက အကြမ်းဖက် စစ်ဆေးတာတွေကြောင့် ခါးအတော်ထိထားပြီး အောက်ပိုင်းချည့်ထားသလိုဖြစ်နေတယ်။ အခုတစ်ကြိမ်မှာ ဆိုးရွားတဲ့ စစ်ဆေးမှုတွေ ထပ်မံကြုံရမှာ စိုးရိမ်ရတယ်” ဟု ဖမ်းဆီးခံရသူနှစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်၏ ဖမ်းဆီးခြင်းခံခဲ့ရသူနှစ်ဦးကို လှိုင်သာယာအရှေ့ပိုင်း မြို့မရဲစခန်းက ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက် ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“လောလောဆယ် မနေ့က ယမန်ယူပြီး လှိုင်သာယာ ရဲစခန်း မှာ ပြန်ချုပ်ထားတယ် “ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

အတုအယောင်ရွေးကောက်ပွဲအား ကန့်ကွက် လှုံ့ဆော်စာကပ်သူ နှစ်ဦးဖြစ်သည့် ကိုအောင်ရဲထွဋ် (ခေါ်) ရဲထွဋ် နှင့် ကိုရန်နိုင်ကြည်ဝင်း (ခေါ်) ရန်နိုင်(ခေါ်) အကြီးကောင်တို့ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်၊ ညနေပိုင်းတွင် ၎င်းတို့ နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် အတုအယောင်ရွေးကောက်ပွဲအကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားသူ အမျိုးသားတစ်ဦးကို တောင်ကြီးမြို့နယ် တရားရုံးက ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်က အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သေးသည်။

လက်ရှိ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လူမှုကွန်ရက်၌ဖြစ်စေ အများသူငှာမြင်သာနိုင်သည့်နေရာတွင်ဖြစ်စေ ကန့်ကွက်သူများကို စစ်ကော်မရှင်က ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက် ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးအရေးယူမှုများဆောင်ရွက်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်မှုသာဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သူများက မှတ်ချက်ပြုသည်။

စာတည်း-ကိုဆန်း