မြန်မာလူဦးရေ၁၂သန်းခွဲခန့်တွင် လူ၄ဦးမှာ တစ်ယောက်နှုန်း ငတ်နေ

မြန်မာလူဦးရေ ၁၂သန်းခွဲခန့်တွင် လူ၄ဦးမှာ တစ်ယောက်နှုန်း ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင် နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ထုတ်ပြန်သည်။

အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ မြင့်တက်နေပြီး တစ်နိုင်ငံလုံးအနှံ့ ၁၈ရာခိုင်နှုန်းအထိ မြင့် တက်နေကာ မကွေးတိုင်းမှာ ၃၈ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှာ ၃၂ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်း မြင့်တက်နေကြောင်း WFP က ဆိုသည်။

“ကုန်ဈေးနှုန်းတက်တာကတော့ အပတ်စဉ်တက်တယ်လို့တောင် ပြောလို့ရတယ်။အိမ်ရှင်မတိုင်းက မနက်ခင်းဈေးသွားရမှာကို ကြောက်နေကြတယ်။စစ်ဖြစ်နေတဲ့ နယ်မြို့တွေဆို ပိုဆိုးမှာပေါ့။ကျမတို့ မြန်မာပြည်ရဲ့ ထူးခြားချက်က ကုန်ဈေးနှုန်းကတက်ပြီးရင် ပြန်မဆင်းတော့တာပဲ။ရာခိုင်နှုန်းဘယ် လောက်ထိ တက်သလဲဆိုတာတော့ မသိဘူး”ဟုရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အိမ်ရှင်မ တစ်ဦးက MPAသို့ပြောသည်။

တော်လှန်ရေးအင်အားစု အားကောင်းသော ဒေသများတွင် ကုန်ဈေးနှုန်းတက်နှုန်း အလွန်မြင့်မား သည့်အပြင် ငွေရှိတိုင်းလည်း ဝယ်၍ မရကြောင်း မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ကျနော်တို့ တော်လှန်ရေးဒေသက ပြည်သူတွေက ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို အပြင်းထန်ဆုံး ခံနေရသလို ဘယ်နိုင်ငံတကာအဖွဲ့ကမှ လူမကူနိုင်ကြပါဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက် ပိုမိုများပြားလာကြောင်း WFP က ဆို သလို လူဦးရေ ၃ ဒဿမ ၇ သန်းသည် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်းလည်း ထုတ်ပြန်ထားသည်။
စာတည်း-ML