သွေးစွန်းကျွန်းသစ် တရားမဝင်ရယူခဲ့သည့် Sunseeker ကုမ္ပဏီများကို အရေးယူမှု JFM ကြိုဆို

မြန်မာ့သွေးစွန်းကျွန်းသစ်များကို တရားမဝင်ရယူခဲ့သည့် Sunseeker ကုမ္ပဏီများအား တရားစွဲဆို အရေးယူမှုအပေါ် ကြိုဆိုကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

ဇိမ်ခံရွက်လှေထုတ်လုပ်သည့် Sunseeker International Limited နှင့် Sunseeker USA Sales Co. Inc. (Sunseeker) တို့သည် အမေရိကန်နိုင်ငံသို့ တင်သွင်းခဲ့သော ရွက်လှေများတွင် တရားမဝင် ရရှိ ထားသည့် မြန်မာ့ကျွန်းသစ်များ အသုံးပြုခဲ့မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး၊ Lacey Act ဥပဒေ ကို ချိုးဖောက်မှုဖြင့် အခြားသောပြစ်ဒဏ်များအပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂သိန်း ပေးဆောင် ရန် သဘောတူခဲ့ကြောင်း JFMကထုတ်ပြန်သည်။

အပြစ်ရှိကြောင်းဝန်ခံမှုကို အမေရိကန်တရားရေးဝန်ကြီးဌာနက မေလ ၁၃ ရက် သတင်းထုတ်ပြန် ချက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

Sunseeker သည် ယခင်ကလည်း ယူကေတွင် သစ်နှင့် သစ်တောထွက်ကုန်ဆိုင်ရာ ပြဌာန်းချက်များ ကို ချိုးဖောက်ခဲ့မှုဖြင့် တရားစွဲခံခဲ့ရပြီး၊ ၂၀၂၃ ခုနှစ်တွင် ရာဇဝတ်မှုဆိုင်ရာ ချိုးဖောက်မှု ၃ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံကာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ထိုနှစ်တွင်ပင် နယ်သာလန်အခြေစိုက် ရွက်လှေထုတ်လုပ်ရေးကုမ္ပဏီ Oceanco သည်လည်း မြန်မာ့ ကျွန်းသစ်ကို ဥရောပသမဂ္ဂသို့ တင်သွင်းခဲ့မှုကြောင့် ဥရောပသမဂ္ဂ သစ်လုပ်ငန်းဆိုင်ရာ ပြဌာန်းချက် ချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်ခံခဲ့ရပြီး ထိုကျွန်းသစ်များကို တူရကီကုမ္ပဏီတစ်ခုက ဝယ်ယူတင် သွင်းခဲ့ကာ အမေဇုန် (Amazon) တည်ထောင်သူ ဘီလျံနာသူဌေးကြီး Jeff Bezos ၏ အထူးဇိမ်ခံ ရွက်လှေတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင် အမေရိကန်အစိုးရက စစ်အုပ်စု တရား မဝင် ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောလုပ်ငန်းကဏ္ဍကို MTE က ထိထိရောက်ရောက် ထိန်းချုပ်ထားပြီး မြန်မာ နိုင်ငံအတွင်း သစ်ရောင်းချခြင်းနှင့် ပြည်ပသို့ တင်ပို့မည့် သစ်လုံးများကို လေလံတင်ရောင်းချခြင်း တို့အတွက် MTE တစ်ခုတည်းကသာ ကိုင်တွယ်ဆောင်ရွက်ပြီး စစ်အုပ်စုသည် MTE မှတစ်ဆင့် ပို့ကုန်ဝင်ငွေ၏ ရာခိုင်နှုန်းတစ်ရပ် ရယူကာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီး များကို ငွေကြေးထောက်ပံ့လျက်ရှိကြောင်း JFM ကဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ယူကေနှင့် အခြားသောအစိုးရများအနေဖြင့်လည်း စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ရပ်တန့်စေရန်နှင့် မြန်မာပြည်သူများကို ကူညီထောက်ပံ့ရန် အမှန်တ ကယ် ဆန္ဒရှိပါက နောက်ထပ်အရေးယူဆောင်ရွက်မှုများအား အရေးတကြီးလုပ်ဆောင်ရန် လိုအပ်နေကြောင်း JFM ကတောင်းဆိုသည်။

မြန်မာနိုင်ငံမှသစ်များ ဆက်လက်တင်ပို့နေမှုများကို အရေးတကြီး စုံစမ်းစစ်ဆေးပြီး ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ သစ်ကုန်သွယ်မှုဆိုင်ရာ ငွေပေး ချေမှုများကို ဆောင်ရွက်ပေးနေသည့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို အ မြန်ဆုံး စုံစမ်းစစ်ဆေးရန်၊ သစ်လုပ်ငန်းအပါအဝင် စစ်အုပ်စုထိန်းချုပ်ထားသည့် နယ်ပယ်များမှ ထုတ်ကုန်တင်ပို့မှုများတွင် ပါဝင်ပတ်သက်နေသော ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များအပေါ် ပစ်မှတ်ထား သည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရန်နှင့် မြန်မာ့သစ် တင်သွင်းမှုကို ပိတ်ပင်တားမြစ်ရန် လည်း တောင်းဆိုထားသည်။

စာတည်း-ML