အောင်လံတွင် မူးယစ်ဆေးရောင်းသည့် ပျူခေါင်းဆောင် ဆေးကွဲ လူငယ်တစ်ဦးကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲခိုင်း

ဓာတ်ပုံ - လူမှုကွန်ရက်

မကွေးတိုင်း ၊ အောင်လံမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းနေသည့် ပျူခေါင်းဆောင်က ဆေးကွဲနေ သူ လူငယ်တစ်ဦးကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အောင်လံမြို့ ၊ စက်ရုံ(လယ်ပြင်) ရပ်ကွက် ၊ လူမှုရေးလမ်းတွင် နေထိုင်သော ပျူ‌စောထီး ခေါင်း ဆောင် ဇော်လင်းထိုက်သည် ၎င်း၏ နေအိမ်၌ပင် ဆေးခြောက်၊ WY စသည့် မူးယစ်ဆေးဝါးမျိုးစုံကို ပေါ်ပေါ်တင်တင်ရောင်းချနေပြီး မေလ ၁၆ ရက် ည၌ ၎င်း၏ နေအိမ်အတွင်း မူးယစ်ဆေးသုံး၍ ဆေးကွဲနေသည့် လူငယ်တစ်ဦးအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ မြေထဲအသံက မေလ ၂၀ ရက်၌ သတင်းထုတ်ပြန်သည်။

“ဇော်လင်းထိုက်တို့ မိသားစုက တစ်မိသားစုလုံး ဆေးရောင်းကြတာပါ။ အဲဒီညက သူ့အိမ်ကို ခွေးတွေ ခေါ်ပြီး ဖမ်းခိုင်းတာ။ ပေါ်တာလိုက်ဆွဲနေတဲ့ ကားနဲ့လာခေါ်သွားကြတာပါ။ ရပ်ကွက်ထဲက လူငယ် တွေကို မူးယစ်ဆေး လောကထဲသွင်းတယ်။ အစပိုင်းတော့ အလကားပေးသုံးတယ်။ ဆေးစွဲ သွား တော့ လက်ပါးစေဖြစ်ကုန်ကြပြီး ခိုးဆိုးလုနှိုက်လုပ်ဖို့ လိုင်စင်ရသလို ဖြစ်နေကြတာဗျာ။ မြို့ထဲက ပစ္စည်းတစ်ခုခုပျောက်ရင် ဇော်လင်းထိုက်အိမ်ကို သွားရှာရတယ်။ ဇော်လင်းထိုက်က ခိုးရာပါပစ္စည်း ဝယ်တယ်။ ပိုင်ရှင်တွေက သူခိုးကိုလည်း သိတယ်။ ပြန်လိုချင်လို့ ရဲစခန်းကို သွားရင် ဘာမှလုပ်မ ပေးဘူး။ ဇော်လင်းထိုက်အိမ် သွားရွေးရင်ရတယ်။ အာဏာရှင်လက်ပါးစေတွေဆိုတော့ ဥပဒေအ ထက်မှာ ဗြောင်ကျကျ လုပ်လို့ရနေတာပေါ့”ဟု မြို့ခံတစ်ဦးက ပြောသည်။

မူးယစ်ဆေးသုံးစွဲသူများတွင် ရဲ ၊ စစ်သားနှင့် ပျူစောထီးများလည်း ပါဝင်ပြီး ၎င်းတို့သည် ပျူခေါင်း ဆောင်အိမ်သို့ နေ့စဉ် အဝင်အထွက်ရှိကြောင်း သိရသည်။

ထို့အပြင် သေနတ်ကိုင် ၊ ဓားကိုင်ခွင့်ရထားသည့် အာဏာပိုင် လက်ပါးစေများနှင့် ပျူစောထီးများက မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင်ရောင်းချနေပြီး လူမိုက်ကွန်ရက်များနှင့် ချိတ်ဆက်ကာ မြို့‌ ‌ပေါ်ရှိ ပြည်သူများအား မိုက်ကြေးခွဲ ခြိမ်းခြောက်နေကြကြောင်းလည်း သိရသည်။