Khaosod English
ထိုင်းဘုရင် မဟာဝိဇာရာလင်္ကရဏ၏ အကြီးဆုံးသမီးတော် တော်ဝင်မင်းသမီးကြီး ပါဂျရာကီတီယာဗါ (Princess Bajrakitiyabha) သည် ပြင်းထန်ပြီး ထိန်းချုပ်ရန် ခက်ခဲနေသော ကိုယ်တွင်းပိုးဝင်သည့် ဝေဒနာကြောင့် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း နန်းတော်ထိန်းချုပ်ရေးရုံးက ယနေ့ (မေလ ၂၁ ရက်) တွင် (၇) ကြိမ်မြောက် ထုတ်ပြန်ချက် ထုတ်ပြန်၍ အသိပေးကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလအတွင်းက မင်းသမီးကြီး၏ အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်း ပိုးဝင်နေသည်ကို ဆရာဝန်များက စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းပိုးဝင်သည့် ဝေဒနာကြောင့် သွေးဖိအားကျခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် သွေးခဲမှု ပုံမှန်မဟုတ်ခြင်း အပါအဝင် ကျန်းမာရေးလက္ခဏာများ မတည်မငြိမ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မင်းသမီးကြီး၏ အဆုတ်နှင့် ကျောက်ကပ် လုပ်ငန်းဆောင်တာများ လည်ပတ်နိုင်ရန်အတွက် အသက်ရှူစက်နှင့် အသက်ဆက်ထောက်ကူပြု စနစ်များကို ဆက်လက်အသုံးပြုနေရဆဲ ဖြစ်သည်။
ထို့ပြင် သွေးဖိအားနှင့် နှလုံးခုန်နှုန်းကို တည်ငြိမ်စေရန်အတွက် ပဋိဇီဝဆေးများနှင့် အခြားဆေးဝါး အမြောက်အမြားကိုပါ ပေးဆောင်ကုသနေရသော်လည်း၊ ပိုးဝင်သည့် ဝေဒနာမှာ ပိုမိုဆိုးရွားလာပြီး လက်ရှိတွင် အရေးကြီးသော ကိုယ်တွင်းအင်္ဂါအချို့ကို ထိခိုက်လာနေကြောင်း နန်းတော်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ချူလာလောင်ကွန်း ဘုရင်မင်းမြတ် အထိမ်းအမှတ် ဆေးရုံကြီး (King Chulalongkorn Memorial Hospital) မှ ဆေးဘက်ဆိုင်ရာ ပါရဂူအဖွဲ့သည် မင်းသမီးကြီးအား ဆက်လက်ကုသပေးနေပြီး ကျန်းမာရေးအခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
အသက် ၄၇ နှစ်အရွယ်ရှိ ပြည်သူချစ် တော်ဝင်မင်းသမီးကြီး ပါဂျရာကီတီယာဗါသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တပ်မတော်ခွေးလေ့ကျင့်ရေးအစီအစဉ်တစ်ခု၌ ပါဝင်နေစဉ် နှလုံးရောဂါအခြေအနေကြောင့် ရုတ်တရက် လဲကျပြီး သတိလစ်မေ့မြောသွားခဲ့ရာမှ စတင်၍ ယနေ့ထက်တိုင် ဆေးဝါးကုသမှု ခံယူနေရခြင်း ဖြစ်သည်။
