မကွေးတိုင်း၊သရက်မြို့ပေါ်တွင် နိုင်ငံ့ဝန်ထမ်းများကိုပါ ပျူစောထီးတို့က စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေကြောင်း သိရသည်။
မေလ၁၉ရက် ညနေပိုင်းတွင် သရက်မြို့၊မြောက်မင်းတဲရပ်ကွက်အတွင်း သရက်ခရိုင်တရားရုံး၏ အမြဲတမ်းညစောင့်ဝန်ထမ်းဖြစ်ပြီး နေ့ခင်းဘက် ဆိုလာကုမ္ပဏီတစ်ခု၌ အလုပ်လုပ်နေသူတစ်ဦး ဓာတ်တိုင်ပေါ်တက်ကာ အလုပ်လုပ်နေစဉ် အရပ်ဝတ်နှင့် လက်နက်ကိုင်များ ရောက်လာကာ ဖမ်း ဆီးခဲ့ကြောင်း ယင်းလူငယ်က တရားရုံးဝန်ထမ်းကတ်ထုတ်ပြကာ နိုင်ငံ့ဝန်ထမ်းပါဟု ပြောသော် လည်း ဝန်ထမ်းလည်း ဖမ်းသည်ဟုဆိုပြီး ဖမ်းဆီးသွားကြောင်း မျက်မြင်သရက်မြို့ခံတစ်ဦးထံက သိရသည်။
“ဝန်ထမ်းကတ် ထုတ်ပြတာကို အတော်လျှာရှည်တဲ့ကောင် ဟိုရောက်မှ ပါးလှိမ့်ရိုက်ဦးမယ်လို့ပြော ပြီး လက်ထိပ်ခတ်ပြီးတော့ ခလရ၄၄ ထဲ ဖမ်းသွားတယ်”ဟု ၎င်းက MPA သို့ပြောသည်။
ယင်းလူငယ် ဖမ်းဆီးခံရကြောင်း ၎င်း၏မိသားစုနှင့် တရားရုံးက ချက်ချင်းသိသွားသဖြင့် အမျိုးသမီး တရားသူကြီးနှင့် လူငယ်၏ဦးလေးတို့ စစ်တပ်ထဲသို့ ချက်ချင်း လိုက်သွားကာ တာဝန်ခံဗိုလ်ကြီးအား ဝန်ထမ်းဖြစ်ကြောင်း အထောက်အထားများ ပြသနိုင်ခဲ့သဖြင့် ညတွင်းချင်းပြန်လွတ်လာကြောင်း သိ ရသည်။
“ကျနော်တို့မြို့က ကျဉ်းတော့ အဖမ်းခံရတာ သူ့အိမ်က ချက်ချင်းသိသွားတာ။ဗိုလ်ကြီးက သူတို့ ဖမ်းတာ မဟုတ်ဘူး။ပျူတွေဖမ်းတာပါလို့ ပြောတယ်။ပြောရရင် သူတို့တရားသူကြီးမကလည်း တာဝန်ယူပြီး ချက်ချင်းလိုက်သွားပေးလို့ ပြန်လွတ်တာ။တစ်ညသာ အိပ်လိုက်ရရင် စစ်မှုထမ်းထဲ ရောက်ပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းလူငယ်မှာ အသက်၃၃နှစ်ရှိပြီဖြစ်ပြီး သရက်မြို့ပေါ်၌ ပေါ်တာအဆွဲကြမ်းနေသဖြင့် ဝန်ထမ်း ကတ်ကို အိတ်ထဲ အမြဲဆောင်ထားသူဖြစ်ကြောင်း သိရသည်။
သရက်မြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ စစ်တပ်ထိန်းချုပ်နယ်မြေများတွင် စစ်မှုထမ်းအတွက် အမြဲလို လို ပေါ်တာဆွဲနေပြီး ခလရ၄၄ တပ်ရင်းထဲ၌ ပေါ်တာဆွဲခံရသူများကို ယာယီထိန်းသိမ်းထားကြောင်း သိရသည်။
စာတည်း-ML
