စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မေလအတွင်း ၅လအရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ၂၇ဦး အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက သတင်းထုတ်ပြန်သည်။
မေတစ်ရက်မှ ၂၁ရက်အတွင်း နိုင်ငံတစ်ဝန်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုး သမီး၆ဦးနှင့် အမျိုးသား၂၁ဦး သေဆုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်သည်ဟု AAPPက ဆိုသည်။
“မြန်မာပြည်သူတွေရဲ့ အသက်ကို စစ်တပ်တင်မကဘူး။နိုင်ငံတကာကလည်း တန်ဖိုးထားရကောင်း မှန်းမသိဘူးလို့ပဲ ပြောရတော့မယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြော သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ကြောင်း သိရသည်။
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ၈ဦးဖြင့် အများဆုံးသေဆုံးခဲ့ကာ ပဲခူး တိုင်း၌ ၇ဦး သေဆုံးခဲ့ကြောင်းနှင့် ထိုကာလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား ၂၆ ဦး၏ စာရင်းကို သီးခြားကောက်ယူစုဆောင်းကာ အတည်ပြုနိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း AAPPက ဆိုသည်။
မေလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ မင်းဂျိုကျေးရွာနှင့် တောင်လယ်တော ကျေးရွာတို့ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စဉ် ထွက်ပြေးတိမ်းရှောင် ကြသည့် ဒေသခံများအား လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်လယ်တောကျေးရွာ မှ မိသားစုဝင် ၃ဦးဖြစ်သော ဦးပြေသောင်း၊ ဇနီးဖြစ်သူ ဒေါ်ကြည်ရွှေနှင့် ၎င်းတို့၏သားဖြစ်သူ ကိုလင်းဆန်းဦးတို့ ဗုံးစထိမှန်၍ နေရာ၌ပင် သေဆုံးခဲ့သည်။
