The Straits Times
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေမှာ မေလ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း ၁၂,၇၀၀ ဦးအထိ မြင့်တက်ခဲ့ပြီး ယင်းမတိုင်မီ ရှေ့သီတင်းပတ်က ၈,၀၀၀ ဦးသာ ရှိခဲ့ကြောင်း ကူးစက်ရောဂါများဆိုင်ရာအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် မေလ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရောက်ရသူ နေ့စဉ် ပျမ်းမျှဦးရေမှာ ၅၆ ဦးမှ ၇၃ ဦးအထိ တိုးလာခဲ့ပြီး အထူးကြပ်မတ်ကုသဆောင် (ICU) တွင် နေ့စဉ် ပျမ်းမျှ တစ်ဦးနှုန်း တက်ရောက်နေရကြောင်း မေလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရ အရေးပေါ်ကုသရေးဆေးရုံများအနေဖြင့် ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိကြောင်းလည်း မေလ ၁၀ ရက်မှ ၁၆ ရက်အထိ ပြောကြား သည်။
“အခြားသော ဒေသတွင်း ဖြစ်ပွားလေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေလိုပဲ ကိုဗစ်-၁၉ လှိုင်းတွေဟာလည်း တစ်နှစ်ပတ်လုံး ကာလအပိုင်းအခြားအလိုက် ပေါ်ပေါက်လာနိုင်ခြေ ရှိပါတယ်” ဟု CDA က ဆိုသည်။
“လက်ရှိ ဒေသတွင်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျိုးဗီဇကွဲတွေဟာ အရင်က ပျံ့နှံ့ခဲ့တဲ့ မျိုးဗီဇကွဲတွေနဲ့ ယှဉ်ရင် ပိုပြီး ကူးစက်မြန်တယ် ဒါမှမဟုတ် ပိုပြီး ပြင်းထန်တဲ့ ရောဂါဝေဒနာကို ဖြစ်စေတယ်ဆိုတဲ့ လက္ခဏာမျိုး မတွေ့ရပါဘူး” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုကဲ့သို့ ကူးစက်မှု မြင့်တက်လာရခြင်းမှာ ပြည်သူများ၏ ခုခံအား ကျဆင်းလာခြင်း အပါအဝင် အကြောင်းရင်းပေါင်းများစွာကြောင့် ဖြစ်နိုင်ကြောင်း အေဂျင်စီက ဆိုသည်။
လက်ရှိတွင် ဒေသတွင်း မျိုးဗီဇစစ်ဆေးတွေ့ရှိရသည့် လူနာများ၏ ထက်ဝက်ကျော်မှာ NB.1.8.1 မျိုးဗီဇကွဲကြောင့်ဖြစ်သည်။
လက်ရှိအသုံးပြုနေသော ကာကွယ်ဆေးများသည် ယခု မျိုးဗီဇကွဲအပေါ် ထိရောက်မှု ရှိနေဆဲဖြစ်ကြောင်း CDA က ပြောကြားခဲ့သည်။
အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ (ဘိုးဘွားရိပ်သာများတွင် နေထိုင်သူများ အပါအဝင်) နှင့် အသက် ၆ လနှင့်အထက် ကျန်းမာရေး ထိခိုက်လွယ်သူများကဲ့သို့ ကိုဗစ်-၁၉ ပြင်းထန်စွာ ကူးစက်ခံရနိုင်ခြေ မြင့်မားသူများအနေဖြင့် နောက်ဆုံးပေါ် ကာကွယ်ဆေးများကို ထိုးနှံထားသင့်ကြောင်း CDA က တိုက်တွန်းထားသည်။
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် ကျန်းမာရေး ထိခိုက်လွယ်သူများနှင့်အတူ နေထိုင်သူ သို့မဟုတ် အတူအလုပ်လုပ်ကိုင်သူများအနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံကြရန် CDA က တိုက်တွန်းထားသည်။
အသက် ၆ လနှင့်အထက် ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံလိုသူ အခြားသူများအနေဖြင့်လည်း ဆက်လက်ထိုးနှံနိုင်သည်ဟုဆိုသည်။
အများပြည်သူအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ခြင်းဖြင့် မိမိကိုယ်တိုင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် တာဝန်သိတတ်မှုကို ပြသရန်၊ နေထိုင်မကောင်းပါက လူမှုရေးအရ ထိတွေ့ဆက်ဆံမှုများနှင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းများကို လျှော့ချရန်နှင့် ကိုဗစ်-၁၉ လက္ခဏာများ ပြသလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန် CDA က အကြံပြုထားသည်။
