ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်တပ်ဒရုန်းဗုံး ထိမှန်ကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ရှောင်နေရကြောင်း သိရသည်။
မေလ ၂၁ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ကျေးပျက်ရွာနှင့် စံပြရွာတို့၌ အထိုင်ချ ထားသော စစ်တပ်က အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ၁၈ရက်နေ့စပြီး ကျေးပျက်နဲ့ စံပြရွာမှာ ထိုင်သွားတာပါ။ အင်အားဘယ်လောက်နဲ့ ထိုင်နေလဲတော့ မသိရဘူး။ လက်နက်ကြီးနဲ့ ပစ်တာတို့၊ ဒရုန်းနဲ့ ဗုံးကြဲတာတို့က မနေ့ ( မေလ ၂၁ရက် ) ကစပြီး လုပ် တာပါ။ ဒဏ်ရာရတဲ့သူက ဗုံးစထိတာ။ ရင်ဘတ်နဲ့ ပေါင်ရင်းမှာ ထိခိုက်ဒဏ်ရာရတယ်” ဟု ၎င်း က MPA ကို ပြောသည်။
ဒဏ်ရာရရှိသူမှာ ချောင်းခွကျေးရွာနေ အသက် ၆၇ နှစ်အရွယ်ရှိ ဦးခင်လွင်ဖြစ်ပြီး ဒေသတွင်းတော် လှန်ရေးတပ်ဖွဲ့များက ဆေးဝါးကုသမှုပေးထားကြောင်း သိရသည်။
” ဗုံးကျလို့ ကြို့ကိုးပင်၊ မအူတန်း၊ ကိုင်းကြီး၊ ရှားစေးဘိုရွာက နေအိမ်တွေလည်း မီးလောင်တာရှိ တယ်။ မနေ့ညနေလောက်ထိ လောင်နေတာ။ အိမ်ခြေ ဘယ်လောက်ပျက်စီးလဲတော့ မသိရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်က အုတ်ဖိုမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့် ကြို့ကိုးပင်၊ မအူတန်း၊ ကိုင်းကြီး၊ ရှားစေးဘို၊ ကျေး ပျက်၊ စံပြရွာအပါအဝင် ကျေးရွာ၁၀ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – စစ်တပ်၏ ဒရုန်းဗုံးကြောင့် ဒဏ်ရာရရှိခဲ့သူနှင့် နေအိမ်များ မီးလောင်နေစဉ်။
စာတည်း-ML
