ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင်တွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲဆက် လက် ပြင်းထန်နေပြီး မြို့ခံပြည်သူများကို ရှောင်ခိုင်းနေကြောင်း သိရသည်။
မေလ ၂၁ရက် နံနက်ပိုင်းမှစ၍ ယနေ့ ( မေလ ၂၃ရက် ) အထိ ကန်ပက်လက်မြို့အနီးတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်နေကြောင်းကန်ပက်လက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” မြို့အ၀င်ကနေ ၄မိုင်လောက်အထိ တိုက်ပွဲ ဖြစ်နေတယ်။ တိုက်ပွဲက ရန်သူနဲ့ တော်တော်လေး နီး ကပ်တယ်။ တစ်ဖက်နဲ့ တစ်ဖက်အော်ပြောတာတွေပါ ကြားနေရတာ။ စစ်တပ်က လေကြောင်းပစ် ကူအပြင် ဒရုန်းနဲ့ ဗုံးကြဲတာတွေပါ လုပ်နေတယ်။ ရန်သူဘက်က အင်အားထပ်ဖြည့်တာတွေနဲ့ ၁၀၀၀ ဝန်းကျင်လောက်ရှိတယ် ” ဟု ၎င်းက MPA ကို ပြောသည်။
ယနေ့ နောက်ဆုံးထား၍ မြို့ခံပြည်သူများ မြို့မှ ထွက်ခွာကြရန် ချင်းတော်လှန်ရေးတပ်များက သတိ ပေးထားသည်။
” ဒီနေ့ အကုန်ရှောင်ဖို့ အသိပေးထားတယ်။ အရင်ရက်တွေထဲက ပြည်သူ တော်တော်များများ ရှောင် နေကြပြီ။ မြို့ထဲမှာ ပြည်သူ သိပ်မကျန်တော့ဘူး။ မြို့ထဲကနေ ဘေးလွတ်ရာကို ကြည့်ပြီး စစ်ရှောင် နေကြရတာ။ သူတို့အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကန်ပက်လက်မြို့နှင့် ၅မိုင်ခန့်အကွာရှိ အမှတ် ၅ ဒေသ၊ ကန်းလောင်းနှင့် အညာကတင်းလမ်းပိုင်းကို လုံခြုံရေးအရ မည်သူမှ သွားလာခြင်း မပြုလုပ်ကြရန်လည်း အမှတ် ၅ ဒေသပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်များက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ထိန်းချုပ်ထားဆဲဖြစ်သည်။
စာတည်း-ML
