လျှပ်စစ်မီးတောင် မှန်အောင်မပေးနိုင်ဘဲ Green House စိုက်ပျိုးရေးဖြင့် ပြည်ပစျေးကွက်ရှာမည်ဟု မင်းအောင်လှိုင်ပြော

အတုအယောင်သမ္မတ မင်းအောင်လှိုင်သည် ပျဉ်းမနားမြို့နယ်အတွင်းရှိ သီးနှံအေးခဲထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုသည့် ခရီးစဉ်အတွင်း Green House (မှန်လုံအိမ်) စနစ်များဖြင့် စိုက်ပျိုးပြီး ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့ရန် ပြောကြားခဲ့သည်။

သို့သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းနေသော စီးပွားရေးနှင့် ကုန်သွယ်ရေးပတ်ဝန်းကျင် ရှုထောင့်မှ ကြည့်လျှင်မူ ယင်းလုပ်ရပ်သည် လက်တွေ့မြေပြင်တွင် ဘယ်လိုမှ ဖြစ်မလာနိုင်သည့် ဟန်ပြအိပ်မက်တစ်ခုသာ ဖြစ်သည်ဟု စိုက်ပျိုးရေးပညာရှင် တစ်ဦးက ထောက်ပြသည်။

Green House နည်းပညာဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် အပူချိန် ထိန်းညှိခြင်း၊ ရေပေးဝေခြင်းနှင့် လေဝင်လေထွက် စနစ်များအတွက် လျှပ်စစ်မီး အမြဲတမ်းရရှိနေရန် လိုအပ်သော်လည်း လက်ရှိတွင် စက်မှုဇုန်များပင် လျှပ်စစ်မီး ပြည့်မီအောင်မရရှိသဖြင့် မီးစက်မောင်း၍ လုပ်ဆောင်ပါကလည်း စက်သုံးဆီဈေးနှုန်း အဆမတန် ကြီးမြင့်နေသောကြောင့် ထုတ်လုပ်မှုစရိတ် တွက်ချေမကိုက်နိုင်ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက ဆိုသည်။

“မှန်လုံအိမ်စနစ်ဆိုတာ အလိုအလျောက်စနစ် (Automated System) နဲ့ သွားတာဖြစ်လို့ မီးခဏခဏပျက်ရင် စက်တွေအကုန် ပွတ်သပ်ကုန်ပြီး အပင်တွေအကုန် ပျက်စီးကုန်မှာဖြစ်တယ်။ မီးမမှန်တဲ့ တိုင်းပြည်မှာ Green House ဆိုတာ စက္ကူပေါ်က စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မှန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးရန်အတွက် ခေတ်မှီအဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်သလို၊ သုတေသနဓာတ်ခွဲခန်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်ပမှ သွင်းယူရမည့် နည်းပညာပစ္စည်းများ လိုအပ်သော်လည်း လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများ ထွက်ကုန်သဖြင့် ယင်းစိတ်ကူးသည် လက်တွေ့မကျကြောင်း ထောက်ပြမှုများလည်းရှိသည်။

ယင်းအပြင် အတုအယောင်သမ္မတ မင်းအောင်လှိုင်က ကုန်ထုတ်လုပ်မှုကွင်းဆက် စနစ်တကျ ရှိရန် ပြောကြားခဲ့ပြီး မြေပြင်တွင်မူ ဒေသအသီးသီးမှ စိုက်ပျိုးရေးထွက်ကုန်များကို စက်ရုံများသို့ ပို့ဆောင်ရန် သို့မဟုတ် ဆိပ်ကမ်းများသို့ ပို့ဆောင်ရန်အတွက် လမ်းခရီးလုံခြုံရေး လုံးဝမရှိဘဲ စစ်ဆေးရေးဂိတ်များ များပြားလှသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်က ကုန်ပစ္စည်းတန်ဖိုးထက် ပိုမိုကြီးမားလျက်ရှိသည်။

ပျဉ်းမနားဒေသခံ လယ်သမားတစ်ဦးက “ကျွန်တော်တို့ စိုက်ခင်းကနေ စက်ရုံကို လာပို့ဖို့ လမ်းမှာ ဂိတ်တွေအများကြီးကို ပိုက်ဆံပေးခဲ့ရတယ်။ ဆီဈေးကလည်း တက်နေတော့ ကုန်တင်ခကတင် သီးနှံရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ မကာမိတော့ပါဘူး။ စိုက်ပျိုးရေးတိုးချဲ့ဖို့ထက် ဒီအတိုင်း ဆက်စိုက်နိုင်ဖို့တောင် မနည်းရုန်းနေရတာ ” ဟု ပြောသည်။

အတုအယောင်သမ္မတ မင်းအောင်လှိုင်က ပြည်ပစျေးကွက်ကို တိုးချဲ့မည်ဟု ပြောဆိုခဲ့သော်လည်း ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ပိတ်ဆို့မှုကြောင့် ပြည်ပသို့ ပစ္စည်းပို့လျှင်ပင် ဘဏ်မှတစ်ဆင့် ငွေပေးချေမှု လုပ်ဆောင်ရန် အလွန်ခက်ခဲနေသလို ဥရောပနိုင်ငံအများစုကလည်း စစ်ကော်မရှင်နှင့် ပတ်သက်သည့် ထုတ်ကုန်များကို ဝယ်ယူရန် ငြင်းဆန်ထားကြသည်။

ဗဟိုဘဏ်က ပြည်ပပို့ကုန်မှရရှိသည့် နိုင်ငံခြားငွေ (ဒေါ်လာ) များကို ၎င်းတို့သတ်မှတ်ထားသည့် မတန်တဆဈေးနှုန်းဖြင့် အတင်းအဓမ္မ သိမ်းယူလဲလှယ်ခိုင်းနေသောကြောင့် လုပ်ငန်းရှင်များသည် စိုက်ပျိုးထုတ်လုပ်ရသည့် စရိတ်နှင့် ပြန်လည်ရရှိသည့် အမြတ်အစွန်း မမျှတတော့ဘဲ အရှုံးပြလာသဖြင့် လက်သမားများသည်လုပ်ငန်းတိုးချဲ့ရန်ထက် ရပ်တည်နိုင်ရန်သာ ရုန်းကန်နေရသည်။

ထို့ပြင် မှန်လုံအိမ်စနစ်ဖြင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ကောင်းမွန်သည့် မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဝါးများကို ပြည်ပမှ တင်သွင်းရမည် ဖြစ်သော်လည်း လက်ရှိတွင် ဒေါ်လာဈေးနှုန်း အဆမတန် တက်နေသဖြင့် ယင်းသွင်းအားစု ကုန်ကြမ်းစရိတ်များသည် ယခင်ကထက် အဆပေါင်းများစွာ မြင့်တက်လျက် ရှိနေသည်။

နည်းပညာအခြေခံသည့် Green House စိုက်ပျိုးရေးသည် သာမန်စိုက်ပျိုးရေးထက် ပညာရှင်များ စနစ်တကျ ကိုင်တွယ်ရန် လိုအပ်သော်လည်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများကြောင့် နည်းပညာပိုင်းဆိုင်ရာ လည်ပတ်ရန် လူအင်အား မလုံလောက်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ရန်အတွက် ပြည်ပတင်ပို့မှုအပြင် ပြည်တွင်းဈေးကွက်တွင်ပါ အခြေခံရောင်းအား ရှိနေရမည် ဖြစ်သော်လည်း အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအား ကျဆင်းလျက်ရှိနေသည်။

စာတည်း-ကိုဆန်း