တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သော မြိုင်မြို့နယ်၊သရက်ကန်ပျူစောထီးရွာထဲမှ စစ်သားများအပါအဝင် ၄၀ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေလ ၂၁ရက်၊ ည ၇ နာရီခန့်မှစ၍ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို တော်လှန် ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ မေလ ၂၂ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
” ရတာတော့ မေလ ၂၂ရက် နေ့လယ်ကတည်းက ရတာပါ။ ပျူရွာဆိုတော့ စစ်သားတွေရော၊ ပျူတွေ ရော၊ ပြည်သူတွေရော နေကြတယ်။ ပြည်သူကလည်း စစ်တပ်ထောက်ခံတာရှိမယ်၊ ပျူရွာထဲက မ ထွက်ရဲလို့ ဆက်နေကြတာရှိမယ်ပေါ့လေ။ စကမတပ်သားတွေနဲ့ ပြည်သူ စုစုပေါင်း ၁၀၀ ဝန်းကျင် လောက်က အနီးမှာရှိတဲ့ တွင်းမပျူရွာကို သွားပေါင်းကြတယ်။ စစ်သား၊ ပျူနဲ့ ပြည်သူတွေ စုစုပေါင်း ၄၀ လောက် ဖမ်းဆီးရမိတယ် ” ဟု မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
စစ်အင်အား ၅၀ ခန့်ရှိသည့် သရက်ကန်ပျူရွာကို လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်နေသည့် ကြားကပင် တော်လှန်ရေးတပ်များက ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
” လေကြောင်းတွေ တအားလာတယ်။ ဂျက်ဖိုက်တာ ၃စီး၊ Y12 ၂စီးနဲ့ တောက်လျှောက် လာပစ်လို့ နယ်မြေရှင်းလင်းရေးကို မနေ့ ( မေလ ၂၃ရက် ) ကမှ လုပ်နိုင်တယ်။ ခုလည်း စစ်ကြောင်းတွေ လာနေတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသော်လည်း အသေးစိတ်ကို မသိရသေးပေ။
သရက်ကန်ပျူရွာသည် မြိုင်မြို့နှင့် ၁၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး တွင်းမပျူရွာနှင့် ၅မိုင်ခန့်သာ ကွာဝေးသည်။
ယင်းပျူရွာကို သိမ်းပိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
ဓာတ်ပုံ – မြိုင်ပကဖ
ပုံစာ – မြိုင်မြို့ပေါ်ရှိ စစ်တပ်အထိုင်ချစခန်းများကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်။ ( ပုံဟောင်း )
စာတည်း-ML
