“သွေးသစ္စာ” သီချင်းသည် စစ်ချီတေးကို ကူးယူထားခြင်းဟု စစ်တပ်လော်ဘီများ လုပ်ကြံ သတင်းအမှားဖြန့်

တေးသံရှင် ထူးအိမ်သင် ရေးဖွဲ့ပြီး အဆိုတော် မွန်းအောင် သီဆိုထားသော “သွေးသစ္စာ” သီချင်းသည် ၁၉၆၀ ဝန်းကျင်က စစ်တပ်၏ စစ်ချီတေးကို ကူးယူခဲ့ခြင်းဖြစ်ကြောင်း စစ်လော်ဘီများက လုပ်ကြံ သတင်းအမှားများ ဖြန့်ဝေနေကြသည်။

စစ်တပ်လော်ဘီ “ရွှေဘ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မေ ၂၆ရက် နံနက်အစောပိုင်းတွင် “စစ်သားသွေးနီ ရှေ့သို့ချီ” စစ်ချီတေး သည် ၁၉၆၀ ဝန်းကျင်က တေးရေး ဇာနည်စစ်သွေးက ရေးဖွဲ့ခဲ့သော သီချင်းဖြစ်ကြောင်း၊ သီချင်းစာသားအချို့ ကို ၁၉၈၉ ခုနှစ်တွင် ထူးအိမ်သင်က ကူးယူ၍ သွေးသစ္စာ သီချင်းကို ရေးသားခဲ့ပြီး မွန်းအောင်က သီဆိုခဲ့ခြင်းဖြစ် ကြောင်း ရေးသားဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.md/fdvnw

အခြားသော စစ်တပ်လော်ဘီချန်နယ်များစွာ အဆိုပါ သတင်းအမှားကို ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှု များပြား နေသည်။

သတင်းအမှားလင့်ခ်များ

ဟန်ငြိမ်းဦး – https://archive.md/03r5N

သွေးသစ္စာ သီချင်းသည် စစ်ချီတေး ဟုတ် မဟုတ် သိရှိရန် MPA fact-check အဖွဲ့က အချက်အလက်စစ်ဆေး ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

သက်သေပြချက်

Google တွင် “သွေးသစ္စာ သီချင်း”ဟု ရေးသားရှာဖွေရာ ဝီကီပီးဒီးယားတွင် အဆိုပါ သီချင်းအကြောင်း ဖော်ပြထားသည်။

အရေးကြီးပြီ(သွေးသစ္စာ) သီချင်းကို ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြေအောက်စခန်းတွင် တေးသံရှင် ထူးအိမ်သင်က ရေးသားခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်တွင် အဆိုတော် မွန်းအောင် က ဘန်ကောက်မြို့တွင် သီဆိုခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဘန်ကောက်မြို့၌ လျှို့ဝှက်ဖြန့်ချီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

၁၉၉၂ နောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ချီတက်သီချင်းတစ်ပုဒ် အဖြစ် နာမည်ကျော်ကြားခဲ့သည်။

သက်သေပြချက်လင့်ခ် – https://bitly.cx/z6UMm

သွေးသစ္စာ သီချင်းကို စတင် သီဆိုခဲ့သူ အဆိုတော် မွန်းအောင်က သူ၏ ဖေ့ဘွတ်ခ်တွင် သွေးသစ္စာသီချင်သည် ၁၉၆၀ ခုနှစ် ထုတ်ဝေသော စစ်သွေးဇာနည်၏ မူရင်းသီချင်းဖြစ်လျှင် ဓာတ်ပြားဟောင်းကို နားဆင်လိုကြောင်း ရေးတင်ထားသည်။

တေးရေး ထူးအိမ်သင် ကိုယ်တိုင် အဆိုတော် မွန်းအောင်၏ ဘေးတွင် “သွေးသစ္စာ” သီချင်းကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

အဆိုတော် မွန်းအောင်၏ ဖြေရှင်းချက်လင့်ခ် – https://bitly.cx/l3j5g

စစ်တပ်လော်ဘီများသည် သွေးသစ္စာသီချင်းသည် ၁၉၆၀ ထုတ် စစ်သွေးဇာနည်၏ သီချင်းဟု
ပြောဆိုထားသော်လည်း တိကျသော သက်သေ အထောက်အထားများ ထုတ်ဖော်ပြသနိုင်ခြင်း မရှိပေ။

မူရင်း တေးသီချင်းဓာတ်ပြား၊သီချင်းစာသား စာရွက် စသည်တို့ကို ထုတ်ပြနိုင်ခြင်း မရှိပေ။
ထို့အပြင် တေးရေး ဇာနည်သွေး ဆိုသူသည် ဘဝဇာတ်ကြောင်းနှင့် အခြားရေးသားခဲ့သော သီချင်းများကို ရှာမတွေ့ရပေ။

စစ်တပ်လော်ဘီများက “သွေးသစ္စာ”(အရေးကြီးပြီ) သီချင်းကို ခိုးချ၍ “စစ်သားသွေးနီ ရှေ့သို့ချီ”သီချင်းကို မြဝတီရုပ်သံတွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း MPA က သတင်းဖော်ပြထားပြီဖြစ်သည်။
သတင်းလင့်ခ် – https://bitly.cx/bNqfs

သုံးသပ်ချက်

“သွေးသစ္စာ” သီချင်းသည် တေးရေး ထူးအိမ်သင်၊ တေးဆို မွန်းအောင် က သီဆိုထားသော စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ချီတက်သီချင်းဖြစ်သည်။

အဆိုပါ သီချင်းကို ၁၉၆၀ ခုနှစ်က စစ်တပ် စစ်ချီတေးဖြစ်သည်ဟု စစ်တပ်လော်ဘီများက ဖြန့်ဝေနေခြင်းသည် ဇာတ်လမ်းသဖွယ် လုပ်ကြံဖန်တီး၍ သတင်းအမှား ဖြန့်နေခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza