ချောင်းဦး လူစည်ကားရာနေရာကို အသေခံဒရုန်းဖြင့် စစ်တပ် တိုက်ခိုက်၊ သားအမိနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ သားအမိနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂၇ရက်၊ မွန်းလွဲ၁၂ နာရီခွဲခန့်တွင် ချောင်းဦးမြို့နယ်အနောက်ခြမ်း၊ လှော်ကားရွာကို မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှ လွှတ်တင်လိုက်သည့် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၂ဦးလည်း ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။

” ရွာအလယ် လက်ဖက်ရည်ဆိုင်နားကိုကျတာဗျ။ အဲဒီနားမှာ ဈေးဆိုင်လေးတွေလည်း ရှိတော့ လူစည်ကားတဲ့နေရာပါ။ ဒရုန်းကြောင့် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်နေတဲ့ သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးပါတယ်။ ဆိုင်ပိုင်ရှင်နဲ့ သူ့သားလေးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။ အနားမှာ ဘာတိုက်ပွဲမှမရှိဘဲ အရပ်သားပြည်သူတွေရှိတဲ့နေရာကို အသေခံတိုက်ခိုက် ရေးဒရုန်းသုံးခဲ့တာပါ ” ဟု ချောင်းဦးပကဖရဲဘော်တစ်ဦးက MPA ကို ပြောသည်။

သေဆုံးသူများမှာ လှော်ကားရွာနေ အသက် ၄၀ အရွယ် မိခင်ဖြစ်သူနှင့် ၎င်း၏ သားဖြစ်သူ အသက် ၃ နှစ်အရွယ်ကလေးငယ် တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၄၀ ဝန်းကျင် အရွယ်ရှိ လက်ဖက် ရည်ဆိုင်ပိုင်ရှင် အမျိုးသားနှင့် ၎င်း၏ သားဖြစ်သူ အသက် ၄ နှစ်ဝန်းကျင်တို့ ဖြစ်ကြောင်း သိရသည်။

” ဒဏ်ရာရသူတွေဆေးဝါးကုသမှုတော့ ခံယူနေကြတယ်။ ဒရုန်းပေါက်ကွဲတာကြောင့် လက်ဖက်ရည် ဆိုင်တော့ နည်းနည်းပျက်စီးတယ်။ ‌အသေခံဒရုန်းဆိုတာ ပစ်မှတ်အတိအကျနဲ့လာတာဆိုတော့ ပြည်သူတွေကြားထဲ စိုးရိမ်စိတ်တော့ မြင့်နေတာပေါ့။ ဖြစ်ပြီးတဲ့နောက်ပိုင်း ရွာလမ်းမတွေပေါ်မှာ လူ ရှင်းသွားတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။

လှော်ကားရွာသည် ချောင်းဦးမြို့နှင့် ၁၀မိုင်ခန့်ဝေးပြီး နမခအခြေစိုက်ရာ မုံရွာမြို့နှင့် ၁၄ မိုင်ခန့်အ ကွာတွင် တည်ရှိသည်။

မေလ ၂၅ ရက်ကလည်း ချောင်းဦးမြို့ပေါ်ရှိ စစ်သားများက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျီကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

စာတည်း-ML