လူသတ်မှုကျူးလွန်ခဲ့သော CDF Hakha Central Council ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို တာဝန်မှရပ်ဆိုင်းထားပြီး ပြည်သူ့ရှေ့မှောက်၌ တရားစီရင်သွားမည်ဟု သိရသည်။
မေလ ၁၅ရက်၊ နံနက် ၉ နာရီ မိနစ် ၅၀ ခန့်က CDF Hakha ၏ ဒုတိယဥက္ကဌဟောင်း ဆလိုင်းဆန် လိန်းနှင့် အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့ စကားများရာမှ အထွေထွေအတွင်း ရေးမှူး က လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မေလ ၂၈ရက် ညပိုင်းတွင် CDF Hakha က သတင်းထုတ်ပြန်သည်။
” ဖြစ်စဉ်က သေဆုံးသွားတဲ့ဆလိုင်းဆန်လိန်းက CDF-Hakha ရုံးချုပ်ခန်းမဆောင်ကို ခွင့်ပြုချက် မရှိဘဲ လာဖြိုချတာ။ အဲဒါကို အထွေထွေအတွင်းရေးမှူးက သွားတားရာကနေ ပြဿနာဖြစ်တာပါ။ ဆလိုင်းဆန်လိန်းက အတွင်းရေးမှူးကို လှဲချပြီး ပါးရိုက်တာ။ တပ်သားက အတွင်းရေးမှူးကို ကိုယ်ထိ လက်ရောက်ကျူးလွန်တာမို့ အမှုစစ်တာတွေ၊ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်မယ့် အခြေအနေ မှာ အတွင်းရေးမှူးက သေနတ်နဲ့ပစ်သတ်လိုက်တာ” ဟု CDF Hakha နှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။
လူသတ်မှုဖြစ်ပွားပြီးနောက် CDF-Hakha Central Council အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန်ကို တရားစွဲဆိုရန် ဖမ်းဆီးထိန်းသိမ်းထားပြီး အထွေထွေအတွင်းရေးမှူး ရာထူးကလည်း ရပ်ဆိုင်းထားကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။
ယင်းအမှုကို CDF-Hakha Central Council ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေ၊ စစ်ဥပဒေနှင့်အညီ ပွင့်လင်းစွာနှင့် တရားမျှတစွာ ပြည်သူရှေ့မှောက်တွင် တရားစီရင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားမျှတမှုနှင့် အမှန်တရားကို အမြန်ဆုံးဖော်ထုတ်ဆောင် ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို CDF-Hakha Central Council ကာကွယ်ရေးကော်မတီ၊ Legal Affairs Department၊ ချင်းလန်းကောင်စီ (Chinland Council) ၏ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defence – MOD) မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်ဖြစ် ကြောင်းလည်း CDF Hakha ကထုတ်ပြန်ထားသည်။
တော်လှန်ရေးရဲဘော်အချင်းချင်းကြား ဖြစ်ပွားခဲ့သည့် ပြသနာများကို လက်နက်အသုံးပြုပြီး လူသတ်မှုကျူးလွန်ခြင်းသည် လုံးဝ (လုံးဝ) မဖြစ်သင့် မရှိအပ်သော အပြုအမူဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း CDF-Hakha က ဆိုသည်။
သေဆုံးသွားသည့် ဆလိုင်းဆန်လိန်းသည် CDF Hakha ဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင်ဖြစ်ရုံသာမက အားကိုးအားထားရသော ဗျူဟာမှူး၊ တပ်မဟာမှူး၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယဥက္ကဌအဖြစ် CDF Hakha ၌ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး မကွယ်လွန်မီက တပ်သားအဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း သိရသည်။
စာတည်း-ML
