By Sayar Ngaat / MPA
မန္တလေးအိုးဘိုအကျဉ်းထောင်အနီးရှိ ထောင်ဝင်စာပါဆယ်များ အငှားပို့ပေးနေသည့် ပွဲစားတန်းကို ထောင်ဝန်ထမ်းများက ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်က ပွဲစားတန်းကို ဖျက်သိမ်းပြီးနောက် ထောင်ဝင်စာပါဆယ်ပို့ရာ၌ ကန့်သတ်မှုများကိုလည်း ထောင်ဝန်ထမ်းများက ထပ်မံတိုးမြှင့်ခဲ့ကြောင်း အိုးဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” စက်တင်ဘာ ၁၈ရက်က အိုးဘို ထောင်နားမှာ ရှိတဲ့ပွဲစားတန်းကိုလည်း ဖျက်သိမ်းသွားတယ်၊ ပြီးတော့ အရင်ကဆို နိုင်ကျဉ်းအမည်၊ အဖေအမည်၊ ပုဒ်မ၊ အဆောင်အခန်းအမည် ပေးလိုက်ရင်ရပြီ၊ အခုတော့ မရတော့ဘူး၊ ထောင်ဝင်ပါဆယ် ပို့မဲ့သူရဲ့ မှတ်ပုံတင်မိတ္ထူ၊ အိမ်ထောင်စုစာရင်းတွေပါ တောင်းတယ်၊ ထောင်ဝင်စာပို့မဲ့သူကိုယ်တိုင်လည်း ပါရတယ်၊ မပါရင် ပို့လို့ မရတော့ဘူး ” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ပေါ်မှမဟုတ်ဘဲ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများမှ ထောင်ဝင်စာပါဆယ် လာရောက်ပို့ဆောင်ရသည့် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များသည် တိုက်ပွဲအခြေအနေများကြောင့် ကိုယ်တိုင် သွားရောက်မပို့ဆောင်နိုင်သည့်အခါ မန္တလေးမြို့ပေါ်ရှိ နီးစပ်သည့်သူများကို ပို့ဆောင်ခိုင်းကြရသည်။
လူကိုယ်တိုင်ပါဆယ်မပို့နိုင်သည့် နယ်မှ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များသည် အိုးဘိုအကျဉ်းထောင်အနီးပတ်ဝန်းကျင်ရှိသည့် ထောင်ဝန်ထမ်းများနှင့်ချိတ်ဆက်ကာ ပါဆယ်ပို့နေသည့် ပွဲစားများကို ငှားရမ်းရပြီး တစ်ဦးလျှင် အနည်းဆုံး မြန်မာငွေ ငါးထောင်ကျပ်မှ ကျပ်တစ်သောင်းခွဲအထိ ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် အိုးဘိုအကျဉ်းထောင်အနီးနားရှိ ထောင်ဝင်စာပါဆယ်များကို အငှားပို့ဆောင်ပေးသည့် ပွဲစားတန်းကို ထောင်ဝန်ထမ်းများက ဖျက်သိမ်းခဲ့ပြီး နောက် ထောင်ဝင်စာပါဆယ်ပို့မည့်သူကိုယ်တိုင် ပေးပို့မှ ရမည်ဟု ထပ်မံ ကန့်သတ်လိုက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ အခက်ကြုံနေရကြောင်း သိရသည်။
” နယ်ကဆိုတော့ ပါဆယ်ပို့ဖို့ကို လတိုင်း မလာနိုင်ဘူးလေ၊ အဲဒီတော့ ပွဲစားကိုပဲ ငှားပြီး ပို့ရတာ၊ အခုက လူကိုယ်တိုင်လာမှ ရမယ်ဆိုတော့ ဒုက္ခရောက်တာပေါ့၊ ကားခတွေလည်း ထပ်ကုန်ရတယ်၊ ထောင်ထဲကသူတွေကလည်း ကိုယ်ပို့မှ စားရသောက်ရတာ အဆင်ပြေတာဆိုတော့၊ ဘယ်လိုဖြစ်ဖြစ် ရအောင်တော့ ပို့ရမှာပဲ ” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ထို့ပြင် အိုးဘိုအကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းများသည် ဈေးဘားများကိုလည်း ၎င်းတို့စိတ်ကြိုက်ခြယ်လှယ်နေသည့်အပြင် နိုင်ကျဉ်းမိသားစုဝင်များထံ ဆက်သွယ်ကာ ငွေကြေးလိမ်လည်တောင်းခံမှုများလည်း ရှိကြောင်း အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
” မိသားစုက ထောင်ဝင်စာ မပို့နိုင်တဲ့သူတွေကျ ထောင်ထဲမှာ ဝန်ထမ်းတွေ ရောင်းတဲ့ ဈေးဘားဆိုတာ ရှိတယ်၊ အဲဒီမှာလည်း ဈေးတွေကို မတန်တဆတင်ရောင်းတယ်၊ အဲဒါအပြင် ကျတော်ထောင်ကျ နေတုန်းကဆို သူတို့ဆီက(ထောင်ဝန်ထမ်းများ) ဖုန်းကို ငှားပြီး ဆက်သွယ်ရတာ ရှိတယ်၊ နောက်ကျ ကျတော် ငွေလိုလို့ တောင်းခိုင်းလို့ပါဆိုပြီး အိမ်ကို လိမ်ပြီး ဖုန်းဆက်ကြတာတွေလည်း ရှိပါတယ် ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်၏ စာရင်းများအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ယခု စက်တင်ဘာလအထိ အကျဉ်းထောင်များအတွင်း လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှု မရရှိမှုနှင့် အချိန်မီ ဆေးကုသခွင့် မရရှိမှုကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၂၀)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၉၈) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၄၂၁) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
စာတည်း-ကိုဆန်း
