ငလျင်ကို ရင်ဆိုင်ရဲပြီလား ရန်ကုန်

[ဆောင်းပါး]

မေ ၁၈ ရက်က ရန်ကုန်မြို့၌ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုဒဏ်ကို သိသာစွာ ခံစားခဲ့ကြရသည်။

အထိအခိုက် ပျက်စီးမှုများ မရှိသလောက် ဖြစ်သော်လည်း ပို၍ ပြင်းထန်သော ငလျင်များအတွက် မြို့နေလူထု၏ စိုးရိမ်မှုများ မြင့်တက်နေသည်။

ဒေးဒရဲ ပြတ်ရွေ့၊ တိုက်ကြီး ပြတ်ရွေ့နှင့် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပဲခူး-သုံးခွ ပြတ်ရွေ့ အနီးမှ လူဦးရေ ၇ သန်း ဝန်းကျင် နေထိုင်သည့် ရန်ကုန်မြို့အတွက် ဤစိုးရိမ်မှုသည် လိုအပ်သည့် စိုးရိမ်မှု ဖြစ်သည်။

အဆိုပါ လူ ၇ သန်းသည် ခေတ်အဆက်ဆက် စည်းစနစ်မကျမှုများနှင့် အကျင့်ပျက်ခြစားမှုများကို အခြေပြု တည်ဆောက်ထားသည့် ယိုယွင်းပျက်စီးနေသော အဆောက်အအုံများကို အမှီသဟဲပြု နေထိုင်ရပ်တည်နေကြရသည်။

ထို့ကြောင့် မြို့နေလူထု အသိချင်ဆုံးအရာမှာ ရန်ကုန်သည် ငလျင်ဘေးကို ရင်ဆိုင်ရဲပြီလား ဟူသည့် မေးခွန်း ဖြစ်သည်။

မြို့လယ်က ခေတ်ဟောင်းတိုက်များ

ဝါရင့် မြို့ပြအင်ဂျင်နီယာတစ်ဦးက အကယ်၍ အင်အားပြင်း ငလျင်ဘေးတစ်ခု ကျရောက်လာပါက ရန်ကုန်မြို့လယ်ခေါင် အပါအဝင် မြို့တွင်း ၆ မြို့နယ်၌ ရှိနေသော ကိုလိုနီခေတ်လက်ရာ တိုက်ဟောင်းများ၏ ခံနိုင်ရည်အပေါ် စိုးရိမ်မှုများ ရှိနေသည်။

သူက အုတ်ညှပ်စနစ်ဖြင့် ဆောက်ထားသည့် တိုက်ဟောင်းများသည် ငလျင်ဒဏ်ခံရပါက ပြိုကျပျက်စီးနိုင်ခြေများသည့် အဆောက်အအုံများ ဖြစ်သည်ဟု ပြောသည်။

“အုတ်ရဲ့ သဘောတရားက အပေါ်က ဖိအားကို ခံနိုင်တယ်။ ဘေးတိုက်တွန်းအားကို မခံနိုင်ဘူး။ ပြီးတော့ ဒီတိုက်တွေက မရှိဘူးဆို နှစ် ၁၀၀ နီးပါး သက်တမ်းက ရင့်နေပြီ။ ငလျင် ဝုန်းဆို ခပ်ပြင်းပြင်း လှုပ်တာမျိုး ကြုံရရင် အဲဒီ အုတ်နံရံတွေက အကုန်ပြိုကျသွားနိုင်တယ်” ဟု အဆိုပါ မြို့ပြအင်ဂျင်နီယာက ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အနီး ဗဟိုပြု၍ အင်အား ရစ်ချတ်တာစကေး ၆.၈ ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ငလျင်ဗဟိုချက်အနီး သပိတ်ကျင်းနှင့် ရွှေဘိုမြို့နယ်တို့၌ ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ပြီး လုံးဝပြိုကျ ပျက်စီးခဲ့သည့် အဆောက်အအုံများ၏ ၇၂ ရာခိုင်နှုန်းမှာ အုတ်ညှပ် အဆောက်အအုံများ ဖြစ်သည်။

နေအိမ် ၂၀၁ လုံး၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၃ ခု၊ ဘုန်းကြီးကျောင်း ၃၅ ကျောင်းနှင့် စေတီပုထိုး ၄၅ ဆူ ပြိုကျ ပျက်စီးခဲ့ခြင်းဖြစ်ပြီး အများစုမှာ အုတ်ညှပ် အဆောက်အအုံများ ဖြစ်နေသည်။

ပြိုကျခဲ့သည့် အဆောက်အအုံများထဲတွင် ကျောင်းများနှင့် အစိုးရ အဆောက်အအုံများလည်း ပါဝင်ပြီး ရုံပိတ်ရက် တနင်္ဂနွေနေ့ ဖြစ်နေခြင်းကြောင့်သာ လူထိခိုက်သေဆုံးမှု မများခဲ့ရခြင်း ဖြစ်သည်။

ငလျင်ဒဏ် ခံနိုင်သော်လည်း လူဒဏ် မခံနိုင်သည့် အဆောက်အအုံကြီးများ

ရန်ကုန်မြို့၌ မြန်မာပလာဇာ၊ Junction City၊ Time City၊ Shangri-La၊ Sule Square စသည့် အထင်ကရ အထပ်မြင့် အဆောက်အအုံကြီးများမှာမူ ငလျင်ဒဏ် ခံနိုင်ရေး အပါအဝင် အဆောက်အအုံ အရည်အသွေး သတ်မှတ်ချက် စံနှုန်းများအတိုင်း ဆောက်လုပ်ထားသည်ဟု ယေဘုယျ သိရှိရသည်။

ထိုအထဲတွင် ၉ ထပ်မှ စသည့် အထပ်မြင့်တိုက်များလည်း ပါဝင်ပြီး အဆိုပါ အဆောက်အအုံများသည် တိကျစွာ တွက်ချက်သတ်မှတ်ထားသော နိုင်ငံတကာ အင်ဂျင်နီယာ စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ယင်းကြောင့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုများကို ခံနိုင်ရည် ရှိနိုင်ခြေအများဆုံး အဆောက်အအုံများဟု ဆိုနိုင်သည်။

အဆိုပါ မိုးမျှော်တိုက်ကြီးများ၌ စျေးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းများ အများအပြား ဖွင့်လှစ်ထားရာ နေ့စဉ် လူဦးရေ သောင်းနှင့်ချီ၍ အဆောက်အအုံတစ်ခုတည်းတွင်ပင် ရှိနေတတ်သည်။

သို့သော် ဖြစ်လာနိုင်ခြေရှိသည့် ငလျင်ဘေးအတွက် ယခုထက်ထိ မည်သည့် ဇာတ်တိုက်လေ့ကျင့်မှုမျိုးမှ မရှိသေးရာ ငလျင်ဘေး ဖြစ်လာခဲ့ပါက ကြောက်လန့်နေသော လူအုပ်ကြီးကြောင့် ဆိုးဆိုးရွားရွား ထိခိုက်မှုများ ဖြစ်လာနိုင်သည်ဟု သိရသည်။

ထို့ပြင် အဆောက်အအုံကို မထိခိုက်သော်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် အတွင်းပိုင်း အပြင်အဆင်များ ပျက်စီးပြိုကျကာ ပြိုလဲကြောက်ရွံ့နေသော လူအုပ်ကြီးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။

“ရှော့ပင်းမောလ်တွေရဲ့ အလယ်ဗဟို ကွင်းပြင်ကျယ် အပေါ်က မှန်မျက်နှာကျက်ကြီးတွေ၊ ဆိုင်ခန်းတွေက အလှဆင်မီးဆိုင်းကြီးတွေ၊ စင်ပေါ်က ပစ္စည်းတွေနဲ့ နံရံကပ်မှန်ချပ်ကြီးတွေဟာ တုန်ခါမှုကြောင့် အောက်ထပ်က လူအုပ်ကြီးပေါ်ကို ကွာကျလာပါလိမ့်မယ်။ ဒါဟာ လူတွေကို တိုက်ရိုက် ထိခိုက်ဒဏ်ရာရစေမယ့် ပထမဆုံးအချက်ပဲ” ဟု ငလျင်ဘေး လေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပေးသည်။

ဆက်လက်ပြီး ၎င်းက “လျှပ်စစ်မီးတွေပါ ပြတ်တောက်သွားပြီး မှောင်မည်းနေတဲ့ လှေကားထောင့်တွေထဲမှာ လူအုပ်ကြီးဟာ ရှေ့ကလူကို နောက်က ထပ်ဆင့်တွန်းရင်း ဆင်းကြရမှာပါ။ အဲဒီအချိန်မှာ တစ်ယောက်ယောက် ခလုတ်တိုက်လဲရုံနဲ့ သို့မဟုတ် ရှေ့ဆုံးက ထွက်ပေါက်တံခါးဝမှာ လူချင်းညပ်ပြီး ပိတ်သွားတာနဲ့ နောက်က ဒလဟော ဆင်းလာတဲ့ လူအုပ်ကြီးရဲ့ ဖိအားကြောင့် လှေကားတွင်းမှာတင် ရင်ဘတ်ဖိပိပြီး အသက်ရှူကြပ် သေဆုံးမှုတွေ အစုလိုက်အပြုံလိုက် ဖြစ်ပွားနိုင်တယ်” ဟု ပြောသည်။

အချုပ်ဆိုရသော် ရန်ကုန်မြို့သည် ငလျင်ကပ်ဘေးသင့်လာပါက အဆင့်မမီ ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားမှု မရှိမှုများကြောင့် ထိခိုက်ဆုံးရှုံးမှု ကြီးမားနိုင်ခြေ ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် Yangon Heritage Trust အဖွဲ့၏ မြေပြင် ကွင်းဆင်းစစ်တမ်း ကောက်ယူထားမှုများအရ ရန်ကုန်မြို့၌ ကိုလိုနီခေတ်လက်ကျန် သမိုင်းဝင် အမွေအနှစ် အဆောက်အအုံပေါင်း ၆,၀၀၀ ကျော် ရှိနေပြီး အဆိုပါ အဆောက်အအုံများသည်လည်း ထိခိုက်ပျက်စီးနိုင်ခြေ မြင့်သည့် အခြေအနေတွင် ရှိနေသည်။

သို့သော်လည်း အာဏာကိုင်ထားသည့် တာဝန်ရှိသူများဘက်က မည်သည့် ကြိုတင်ပြင်ဆင်မှုမှ မပြုလုပ်ထားကြသေးသဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေများက အချိန်နှင့်အမျှ မြင့်တက်လာနေသည်။

ယင်းကြောင့် မြို့ခံပြည်သူများ အနေဖြင့် ကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေပေသည်။

“ရိက္ခာ၊ ဆေးဝါး၊ ဓာတ်မီး၊ ရေနဲ့ ပိတ်မိတာမျိုး ကြုံလာနိုင်ရင် အချက်ပြနိုင်မယ့် ပစ္စည်းတစ်ခုခုကို အသက်ကယ်အိတ်ထဲ ထည့်အသင့်ပြင်ထားရမယ်။ ပရိဘောဂတွေကို ခိုင်မာအောင်၊ ပြုတ်ကျတာမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ထားရမယ်” ဟု မန္တလေး ငလျင်ဘေးအား သွားရောက် ကယ်ဆယ်ရေးလုပ်ခဲ့သူ ပရဟိတ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ငလျင်လှုပ်ပြီဆို ဝပ်၊ ကာ၊ ဆွဲ ဒီသုံးချက်ပေါ့။ ငလျင်စလှုပ်တာနဲ့ တုန်ခါမှုအရှိန်ကြောင့် လဲကျပြီး ဒဏ်ရာမရစေဖို့ လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နဲ့ ကြမ်းပြင်ပေါ်ကို ချက်ချင်း ဝပ်ချမယ်။ အနားမှာရှိတဲ့ ခိုင်ခံ့တဲ့ စားပွဲ (သို့မဟုတ်) ကုတင်အောက်ထဲကို အမြန်ဆုံး ဝင်ရောက်ပြီး မိမိရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို ကာကွယ်ရမယ်။ ပြီးရင် အဲဒီအကာအကွယ်ကို ကိုင်ဆွဲထားရမယ်။ ဒီလောက်တော့ သိထားဖို့ လိုပါလိမ့်မယ်” ဟု ဆိုပေသည်။

စာတည်း-ကိုဆန်း