အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံတွင် အိမ်ဝယ်ယူထားသည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာများပေါ်၌ AI နည်းပညာသုံး လုပ်ကြံဓာတ်ပုံများနှင့်တကွ သတင်းအမှားများ စနစ်တကျ ဖြန့်ဝေလျက်ရှိကြောင်း အချက်အလက် စိစစ်ချက်များအရ သိရသည်။
လူမှုကွန်ရက်ပေါ်တွင် DrKyaw Naing အမည်ရှိ အကောင့်အပါအဝင် ဝါဒဖြန့်အကောင့်များက နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံ၊ Western Australia ပြည်နယ်၊ Clarkson မြို့ရှိ 7 Glennon View” ဟုခေါ်သည့် လိပ်စာတွင် အော်စီဒေါ်လာ ၁ သန်းကျော်တန်ဖိုးရှိ နေအိမ်တစ်လုံး ဝယ်ယူထားကြောင်းနှင့် ဝယ်ယူသူစာရင်းကို လိုက်လံစုံစမ်းရန် လှုံ့ဆော်ရေးသားထားကြခြင်း ဖြစ်သည်။
သို့သော်လည်း ပူးတွဲဖော်ပြထားသည့် ဓာတ်ပုံကို နည်းပညာအရ သေချာစွာ စိစစ်ကြည့်ရှုသည့်အခါ ၎င်းပုံသည် AI (Artificial Intelligence) နည်းပညာကို အသုံးပြု၍ ဒေါ်ဇင်မာအောင်၏ ပုံရိပ်အား အစားထိုး တည်းဖြတ်ထားသည့် ပုံတုသာဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။
၎င်းပြင် ပို့စ်တွင် စွပ်စွဲရေးသားထားသည့် လိပ်စာနှင့် ပူးတွဲပါဓာတ်ပုံအကြား ကွဲလွဲမှုများစွာ ရှိနေသည်။ ပို့စ်တင်သူက အိမ်လိပ်စာကို အိမ်နံပါတ် ၇ ဟု ဖော်ပြထားသော်လည်း ၊ ဓာတ်ပုံထဲက အိမ်တံခါးဘေးရှိ နံပါတ်ပြားတွင်မူ အိမ်နံပါတ် 42 ဟု ရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် ဩစတြေးလျနိုင်ငံ မြေပုံအချက်အလက်များအရ စွပ်စွဲထားသည့် အဆိုပါ လိပ်စာရှိ မြေပြင်နေအိမ် ဒီဇိုင်းများနှင့် ဓာတ်ပုံပါ အိမ်ဒီဇိုင်းမှာလည်း လုံးဝကိုက်ညီမှု မရှိပေ။
အဆိုပါ ဝါဒဖြန့် ပို့စ်များတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိန်းဂဏန်းများသည် မြေပြင်အထောက်အထား လုံးဝမရှိဘဲ စိတ်ကူးပေါက်သလို ဖန်တီးထားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဩစတြေးလျ၌ အိမ်ဝယ်ယူထားသည့် သတင်းသည် တော်လှန်ရေး အင်အားစုများနှင့် NUG အစိုးရအဖွဲ့ဝင်များကို အစဉ်တစိုက် ပစ်မှတ်ထားကာ ပုဂ္ဂိုလ်ရေး သိက္ခာချရန်နှင့် ပြည်သူလူထုအကြား သံသယစိတ်များ ဝင်ရောက်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် နည်းပညာသုံးကာ လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့် သတင်းတုစစ်စစ်သာ ဖြစ်ကြောင်း အချက်အလက် စိစစ်ချက်များအရ သိရသည်။
