စစ်ရေး၊ နိုင်ငံရေးကြောင့် မိုးညှင်းရှိ အဓိကလမ်းပိုင်းများကို ရက်အကန့်အသတ်မရှိ KIA ယာယီပိတ်

ဓာတ်ပုံ - KIA

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အဓိက လမ်းပိုင်းအချို့ကို စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉)၊ တပ်ရင်း (၂၆) က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ KIA တပ်ရင်း (၂၆) လှုပ်ရှားနယ်မြေအတွင်းရှိ ညောင်ပင် – ချောင်းဝ – ဆနွင်းကုန်း၊ အင်းသာ နှင့် နမ့်မွန်းလမ်းပိုင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်ကာ အများပြည်သူ ခရီးသွားလာခြင်း၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းတို့ကို ယာယီပိတ်ပင်ထားခြင်း ဖြစ်သည်။

KIA တပ်ရင်း (၂၆) သည် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်အတွင်းရှိ ဟိုပင် – ချောင်းဝလမ်း၊ ဟိုပင် – ညောင်ပင်လမ်းနှင့် တံတားစသည့် နေရာများကို ယာယီပိတ်ထားကြောင်း ထုတ်ပြန်ခဲ့သေးသည်။

ယခု ပိတ်ဆို့လိုက်သည့် လမ်းပိုင်းများသည် စစ်ကော်မရှင်တပ်များ စစ်အင်အား၊ လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းရာတွင် အသုံးပြုနိုင်သည့် အဓိကလမ်းကြောင်းများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်သို့ စစ်ယာဉ်တန်းများဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့်အပြင်၊ ဒေသအချို့တွင်လည်း စစ်အင်အားများ စုဖွဲ့ကာ စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများ ရှိနေသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ ရွှေကူမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဝိုင်းမော်နှင့် ဗန်းမော်ဘက်တွင်လည်း စစ်ကော်မရှင်တပ်၏ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ နေ့စဉ်ရှိနေကြောင်း သိရသည်။

အလားတူ ဖားကန့်ဒေသတွင်းရှိ လုံးခင်းနှင့် မှော်စီဆာဘက်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ကျူးလွန်သူများသည် စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဒေသခံအချို့၏ လူမှုကွန်ရက် ရေးသားချက်များအရ သိရသည်။

စာတည်း – ကိုထားဝယ်