PDF အယောင်ဆောင်ကာ လင်ကိုလည်လှီးပြီး မယား အဓမ္မကျင့်သူအား နတ်မောက် ပကဖ ဖမ်းဆီး

ဓာတ်ပုံ- People Defense Organization- Natmauk

မကွေးတိုင်း၊နတ်မောက်မြို့နယ်အတွင်း PDFအယောင်ဆောင်ကာ လင်ကို လည်လှီးပြီး မယား အဓမ္မကျင့်သူအား ဖမ်းဆီးမိခဲ့ကြောင်း People Defense Organization- Natmauk က ယနေ့( ဇွန်၄ရက်) သတင်းထုတ်ပြန်သည်။

ဇွန်လတစ်ရက်တွင် နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှ သိန်းသန်းစိုး ဆိုသူသည် ဂွေးပင်ကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်းသို့ ဝင်ရောက်ကာ အမျိုးသားဖြစ်သူ၏ လည်ပင်းကို လှီးဖြတ်၍ အမျိုးသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့ကြောင်း လည်လှီးခံရသည့် အမျိုးသားမှာ သေဆုံးခြင်းမရှိဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ သိန်းသန်းစိုးသည် ထိုသို့ လုပ်ဆောင်ပြီးနောက် ၎င်းကိုယ်၎င်း နတ်မောက် PDF အယောင်ဆောင်ကာ TikTok လူမှုကွန်ရက်စာမျက်နှာပေါ်၌ “ဒလန်လင်မယားကို သတ်ပစ်ခဲ့ကြောင်းဂွေးပင်ရွာတွင် တော်လှန်ရေးတပ်များရှိကြောင်းနှင့် သတ္တိရှိလျှင် လာခဲ့ရန် စိန်ခေါ်သည့် ရုပ်သံနှင့် စာသားများ တင်ခဲ့ကြောင်း ထုတ်ပြန်သည်။

“ ဒီအောက်တန်းစားရဲ့လုပ်ရပ်ကြောင့် စခ တွေစစ်ကြောင်းထိုးလာပြီး ရွာတွေကိုမီးရှို့ဖျက်ဆီး တာတွေလည်း လုပ်ဆောင်သွားပါတယ်”ဟု People Defense Organization- Natmauk က ထုတ်ပြန်သည်။

သိန်းသန်းစိုးကို နတ်မောက်ပကဖ က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအတိုင်း လုပ်ဆောင်သွား မည်ဟု ဆိုသည်။