ကမ္ဘာ့ဘောလုံးပရိသတ်များ ရင်ခုန်စွာ စောင့်မျှော်နေကြသည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီး စတင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီဖြစ်ပြီး လာမည့် ဇွန်လ ၁၂ ရက်နေ့ ၈ ရက်အကြာတွင် စတင်ကျင်းပတော့မည် ဖြစ်သည်။
ယင်းအခြေအနေတွင် ဘောလုံးဝေဖန်သုံးသပ်ရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် The Football Faithful က ယခုနှစ်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၌ ချန်ပီယံဆုကို ဆွတ်ခူးသွားရန် အလားအလာအရှိဆုံးနှင့် ရေပန်းအစားဆုံး ထိပ်သီး ၅ သင်းကို ရွေးချယ်ခန့်မှန်းချက်များ ထုတ်ပြန်လာသည်။
The Football Faithful ၏ ခန့်မှန်းချက်အရ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ပူးတွဲရေပန်းအစားဆုံးအဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေသည့် အသင်းနှစ်သင်းမှာ ဥရောပထိပ်သီး ပြင်သစ်နှင့် စပိန်အသင်းတို့ဖြစ်ကြပြီး ဗိုလ်စွဲနိုင်ခြေ ၉း၂ လေးဖြင့် အလေးပေး သတ်မှတ်ခံထားကြရသည်။
ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ သုံးကြိမ်ဆက်တိုက် တက်လှမ်းနိုင်ရန် ရည်မှန်းထားပြီး စာရွက်ပေါ်တွင် ကမ္ဘာ့အဆင့် ကစားသမားအင်အား အတောင့်တင်းဆုံးအသင်းအဖြစ် ရှိနေသည်။
အထူးသဖြင့် ကီလီယန် အမ်ဘာပေ၊ မိုက်ကယ် အိုလစ်စ်နှင့် အူစမန် ဒမ်ဘီလီတို့ ပါဝင်သည့် တိုက်စစ်တန်းမှာ မည်သည့်ခံစစ်ကိုမဆို ဖြိုခွဲနိုင်သည့် စွမ်းရည်ရှိကြောင်း သုံးသပ်ထားသည်။
၎င်းနှင့်အတူ ပူးတွဲရေပန်းစားနေသည့် စပိန်အသင်းမှာမူ ယူရို ၂၀၂၄ ချန်ပီယံအဖြစ် အောင်မြင်မှု အတွေ့အကြုံရှိပြီး လာမင်း ယာမယ်လ်ကဲ့သို့ ထူးချွန်သည့် ကြယ်ပွင့်များ ပါဝင်နေသော်လည်း အထောင်တိုက်စစ်မှူး (နံပါတ် ၉ ကစားသမား) နေရာ အားနည်းနေမှုအပေါ် မေးခွန်းထုတ်စရာ ရှိနေသည်။
ယင်းနောက်တွင်မူ အဓိကပြိုင်ပွဲကြီးများ၌ ဖလားရယူနိုင်ရန် နှစ်ပေါင်း ၆၀ ကြာ စောင့်ဆိုင်းနေရသည့် အင်္ဂလန်အသင်းက ၁၅း၂ လေးဖြင့် တတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေသည်။
ခြေစစ်ပွဲစဉ်တစ်လျှောက် ပေးဂိုးမရှိဘဲ ဖြတ်ကျော်လာခဲ့သည့် အင်္ဂလန်အသင်းကို ဟာရီကိန်းက တိုက်စစ်ပိုင်း၌ ဦးဆောင်လာမည်ဖြစ်သည်။
အင်္ဂလန်အသင်းသည် ပြီးခဲ့သည့် ယူရိုပြိုင်ပွဲနှစ်ကြိမ်စလုံးတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့ရသဖြင့် ယခုပြိုင်ပွဲတွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကို သက်သေပြရန် လိုအပ်နေသည်။
ထူးခြားချက်အနေဖြင့် စံချိန်တင် ကမ္ဘာ့ဖလား ၅ ကြိမ် ရရှိထားသည့် ဘရာဇီးအသင်းကို ၈း၁ လေးဖြင့် စတုတ္ထမြောက် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ထားပြီး ၎င်းသည် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်း (၁၀း၁ လေး) ထက်ပင် ရေပန်းစားမှု မြင့်မားနေသည်။
ဘရာဇီးအသင်းသည် တောင်အမေရိကဇုန် ခြေစစ်ပွဲ၌ အဆင့် ၅ နေရာဖြင့် ရုန်းကန်ခဲ့ရသော်လည်း ဗီနီစီးယပ်စ် ဂျူနီယာ၊ ရာဖင်ညာ၊ မာကွင်ဟို့စ်နှင့် ဂါဘရီရယ်တို့ကဲ့သို့ ထိပ်တန်းကစားသမားများ ပိုင်ဆိုင်ထားသည့်အပြင် ဥရောပလိဂ်ကြီး ၅ ခုစလုံးနှင့် ချန်ပီယံလိဂ် ၅ ကြိမ်ရ စံချိန်တင်နည်းပြ ကာလို အန်ဆလော့တီက ဦးဆောင်လာမည်ဖြစ်၍ ချန်ပီယံဆုအတွက် ကြီးမားသည့် စိန်ခေါ်သူဖြစ်လာနိုင်သည်။
သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံသစ် ဖြစ်လာရန် ခန့်မှန်းခံထားရသည့် ပေါ်တူဂီအသင်းမှာမူ ၁၀း၁ လေးဖြင့် ရေပန်းစားမှု အဆင့် ၅ နေရာတွင် ရှိနေသည်။
နည်းပြ ရောဘတ်တို မာတီးနက်ဇ်၏ ပေါ်တူဂီအသင်းတွင် အသက် ၄၁ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ၎င်း၏ ၆ ကြိမ်မြောက် သမိုင်းဝင်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ဦးဆောင်လာမည်ဖြစ်သည်။
ပေါ်တူဂီအသင်းသည် ရော်နယ်ဒိုအပြင် ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ဂျာအို နီဗက်စ်နှင့် ဗီတင်ညာတို့ ပါဝင်သည့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အင်ဂျင်ကို ပိုင်ဆိုင်ထားခြင်းကြောင့်လည်း ယခုကဲ့သို့ ထိပ်သီး ၅ သင်းစာရင်း၌ ပါဝင်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
