အမြန်လမ်းတစ်လျှောက်ရှိ EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ အားသွင်းချိန်မရဖြစ်နေကြောင်း ကားပိုင်ရှင်များက ငြီးတွားပြောဆိုသည်။
ဘက်ထရီအားအပေါ်အဓိကထားမောင်းနှင်ရသော လျှပ်စစ်မော်တော်ယာဉ်(EV)များကို အားသွင်းရန် အမြန်လမ်းတစ်လျှောက် လျှပ်စစ်မီးမလုံလောက်ဖြစ်နေ၍ ခရီးဝေးထွက်ရန် အလွန်စိုးရိမ်ပူပန်နေကြကြောင်း ယာဉ်ပိုင်များက ဆိုသည်။
လောင်စာဆီသုံး(ICE)ကားမှ စက်သုံးဆီဈေးကြောင့် EV ကားပြောင်းစီးသူတစ်ဦးကတော့ အမြန်လမ်းတလျှောက် ကားမောင်းရင်း မသိမသာ တမျိုး၊ သိသိသာသာ တစ်မျိုး ဘတ္ထရီရာခိုင်နှုန်းမည်မျှ ကျန်ရှိသနည်းဆိုသည်ကို စိုးရိမ်စိတ်ဖြင့် ကြည့်ပြီးမောင်းလာခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့နှင့်မနီးမဝေးရှိ အမြန်လမ်း(၃၉)မိုင်သို့ ခရီးတိုတစ်ခုကို ၎င်းပိုင် EV ကားဖြင့် မိသားစုနှင့်အတူ ထွက်ခဲ့သည့်အခြေအနေများကို အထက်ပါအမျိုးသားက ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ရေးသေားပြောပြခြင်းဖြစ်သည်။
အိမ်က ဘတ္ထရီအား ၈၅ ရာခိုင်နှုန်းဖြင့် စထွက်ခဲ့ရာ ၃၉ မိုင် ဘုရားကြီးလမ်းခွဲသို့ ဆိုက်ရောက်ချိန် ၅၇ ရာခိုင်နှုန်းပဲကျန်ရှိတော့သည့်အတွက် အားဝင်ဖြည့်ရန် ကြိုးစားခဲ့ကြောင်း ဆိုသည်။
“Charging Station ရောက်တော့ မီးပျက်နေတယ်တဲ့။ ရန်ကုန်လာမယ့်ကားတွေ၊ ဘားအံ၊ မန္တလေးဘက် ဆက်ထွက်မယ့်ကားတွေကတော့ စောင့်နေကြတာ ၁၀ စီးလောက်ရှိမယ်။ မီးဘယ်အချိန်လာနိုင်မလဲ မေးကြည့်တော့ မပြောတတ်ဘူးတဲ့။ လျှပ်စစ်ရုံးကို မေးမကြည့်ဘူးလားလို့ ကျနော်ကမေးတော့ မေးပြီးပြီ၊ ဖုန်းမကိုင်ဘူးတဲ့” ဟု ၎င်းက ပြောသည်။
ထို့နောက် ရန်ကုန်သို့ ပြန်လာချိန် Zero မိုင်ရှိ အားသွင်းရုံသို့ ရောက်ရှိချိန် အားသွင်းရန် ၁၀ မိနစ်ခန့်စောင့်ဆိုင်းအပြီး အားသွင်းနေချိန် မိနစ် ၂၀ ခန့်အရောက်တွင် မီးပျက်သွားခဲ့သည့်အတွက် မီးမည်သည့်အချိန်တွင်လာမည်မှန်းမသိခြင်းကြောင့် ရသည့် ဘက်ထရီအားဖြင့် လှည့်ပြန်ခဲ့ရကြောင်း ဆိုသည်။
“EV station ရှိတဲ့နေရာတွေ အများကြီးတိုးချဲ့ဖို့ လိုသေးတယ်။ မီးကို မှန်အောင်လုပ်ပေးဖို့လိုတယ်။ မီးပျက်ရင် Back-up အစီအစဥ်တွေ Station တွေမှာ ရှိထားသင့်တယ်” ဟု ယင်းအမျိုးသားက ထောက်ပြပြောဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် EV ကားများအတွက် အဓိက အခြေခံအဆောက်အဦဖြစ်သည့် လျှပ်စစ်မီးကို အလုံအလောက်မပေးနိုင်သော်လည်း EV ကားများကို အခွန်ကင်းလွတ်ခွင့်များပေးပြီး တင်သွင်းခွင့်ပြုခဲ့သည်။
လက်ရှိ လျှပ်စစ်ကားတင်သွင်းခွင့်ရသည့် ကားကုမ္ပဏီ ၁၂၀ ခန့်ရှိရာတွင် အာဏာသိမ်းစစ်တပ်နှင့်ပတ်သက်ဆက်နွယ်သည့် လုပ်ငန်းရှင်အများအပြားပါဝင်ပြီး မင်းအောင်လှိုင်၏ သားနှင့် သမီးကုမ္ပဏီများက ထိပ်ဆုံးက ပါဝင်သည်ဟု မော်တော်ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုကြသည်။
ယင်းကဲ့သို့ စစ်ခေါင်းဆောင် မိသားစုကိုယ်ကျိုးအများအပြားရနေသည့် လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ်ကို နှစ် ၂၀ သက်တမ်းရှိ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီးလည်း တင်သွင်းခွင့်ပြုတော့မည်ဟု စစ်အုပ်စုလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
ထို့ကြောင့် လျှပ်စစ်ကားတစ်စီးကို ကျပ်သိန်းထောင်နှင့်ချီတက်ပြီး အရောင်းအဝယ်ဖြစ်ရာမှ ကားဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ရပ်တန့်နေကြောင်း သိရသည်။
စာတည်း – ကိုထားဝယ်
