စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးမှုမရှိဟု ပဲခူး လုံ/နယ်ဝန်ကြီး လိမ်ညာငြင်းဆို၊ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိစေရေး ကိုယ်စားလှယ်များ ကူညီရန် တောင်းဆို

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခြင်းခံရသည့် လူငယ်များအနေဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသင့်ကြောင်း မင်းအောင်လှိုင်ခန့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ပြောသည်။

ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပေါက်ခေါင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာလင်းက စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင် ရွက် ပေးရန် မေးမြန်းမှုအပေါ် လုံ/နယ်ဝန်ကြီးက ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ညီလန်းချိုက “ထွက်ပြေးတိမ်းရှောင်ပါက အရေးယူခံရမှာဖြစ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်ရန်အတွက်လည်း ကိုယ်စားလှယ်တော်ကြီးများကလည်း ကူညီဆောင်ရွက်ပေးဖို့ အကြံပြုတင်ပြလိုပါတယ်” ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဖြင့် ဆင့်ခေါ်နိုင်ရန် ကျပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးအောင်မြင်သူများကိုသာ သက်ဆိုင်ရာ သင်တန်းကျောင်းသို့ ပို့ဆောင်နေကြောင်း၊ ညီလန်းချိုက ဆိုသည်။

“ကျေးရွာတွေမှာ စစ်မှုထမ်းကြေး ငွေကြေး ကောက်ခံမှုမရှိသော်လည်း၊ ရပ်ကွက်၊ ကျေးရွာပြီးတော့မှ သင်တန်းထောက်ပံ့ကြေး ပေးအပ်တယ်ဆိုပြီးတော့ စိစစ်တွေ့ရှိရတာဖြစ်ပါတယ်။ အဲ့ဒီမှာလည်း ငွေကြေးကောက်ခံပြီးတော့မှ သိရှိလာရတဲ့ ဖြစ်စဉ်တွေကိုလည်း နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ တည်ဆဲဥပဒေအရ အရေးယူတဲ့ဖြစ်စဉ်တွေရှိပြီးတော့မှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကို ချပြပြီး ဖြစ်ကြောင်း ဖြေကြားလိုပါတယ်။” ဟု ၎င်းက ပြောသည်။

သို့သော် ပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာလင်းကမူ ပဲခူးတိုင်းအတွင်းရှိ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တို့တွင် အောက်ခြေပြည်သူ့စစ်အဖွဲ့များ (ဌာနေပြည်သူ့စစ်များ) က စစ်မှုထမ်းရမည့် အသက်အရွယ်ရှိသူ လူငယ်တစ်ဦးလျှင် စစ်မှုထမ်းကြေးအဖြစ် ကျပ်နှစ်သောင်းမှ သုံးသောင်းခွဲအထိ လိုက်လံကောက်ခံနေမှုများ ရှိနေကြောင်း ဖွင့်ချလိုက်သည်။

၎င်းအပြင် ရပ်ကွက်နှင့် ကျေးရွာများအတွင်း၌ လူငယ်အချို့အား တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးခြင်း၊ ညအချိန် ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ လူငယ်များကို ဖမ်းဆီးပြီးနောက် ငွေကျပ်သိန်းတစ်ရာအထက် တောင်းခံကာ ပြန်လွှတ်ပေးနေခြင်းများနှင့် နယ်ကျော်၍ စစ်မှုထမ်းရန် လူစုဆောင်းခြင်းများအထိ မြေပြင်တွင် ဆိုးဆိုးရွားရွား လုပ်ဆောင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြဆွေးနွေးခဲ့သည်။

“ကျေးရွာတွေမှာ ပြည်သူ့စစ် အဖွဲ့တွေက ကားတွေ၊ ဆိုင်ကယ်တွေနဲ့သွားလာပြီး လမ်းမှာတွေ့တဲ့ လူငယ်အချို့ကို စစ်ဆေး၊ မေးမြန်းတာ တစ်စုံတစ်ရာမရှိဘဲနဲ့ ဖမ်းဆီးတာတွေလည်း မရှိပါကြောင်း၊ ဒါပေမယ့် လုံခြုံရေး အခြေအနေရ ရဲတပ်ဖွဲ့ဝင်တွေဟာ ကင်းလှည့် တဲ့အခါ၊ လှည့်ကင်း ဆောင်ရွက်တဲ့အခါ လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုသာရှိတယ်လို့ ဖြေကြားလိုပါတယ်” ဟု ညီလန်းချိုက ပြောသည်။

စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ အောက်ခြေတွင် ငွေကြေးကောက်ခံကြောင်း စစ်ဆေးပေါ်ပေါက်သည့် ဖြစ်စဉ်များကို သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအရ အရေးယူခဲ့မှုများ ရှိသည်ဟု လုံ/နယ်ဝန်ကြီးက ဆိုသော်လည်း အဆိုပါ အရေးယူမှုဖြစ်စဉ် အရေအတွက် မည်မျှရှိခဲ့သည်ဆိုခြင်းကိုမူ လွှတ်တော်တွင် အတိအကျ ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။

စစ်ကော်မရှင်၏ ပဲခူးတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အနေဖြင့် အတင်းအဓမ္မ ခေါ်ဆောင်မှုများနှင့် ငွေကြေးကောက်ခံမှုများမရှိစေရန် ကြပ်မတ်ဆောင်ရွက်နေပြီး စစ်မှုထမ်းအပတ်စဉ် (၂) မှ အပတ်စဉ် (၂၅) အထိ သတ်မှတ်အင်အား၏ ၈၃ ရာခိုင်နှုန်းကျော်ကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။