လောင်းကစားဝိုင်းများကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော မော်လမြိုင်နှင့်ချောင်းဆုံတွင် အပျော် တမ်းဖဲဝိုင်းနှင့် ၂လုံးထီကော်မရှင်စားတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မေလ၃၀ရက်တွင် ချောင်းဆုံမြို့နယ်၊ကွမ်သဲရွာ၊ဆွမ်းလောင်းဓမ္မာရုံအနီး၌ အပျော်တမ်းဖဲရိုက်နေ သူ၄ဦးနှင့် မေလ၂၉ရက်၌ မော်လမြိုင်မြို့၊သီရိမြိုင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးအား ၂လုံးထီ ရောင်းချနေသည်ဟုဆိုကာ သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာ ရာမညအသံက ဖော်ပြထားသည်။
“သီရိမြိုင်က အဖမ်းခံရတဲ့အမျိုးသမီးက ကော်မရှင်စားရောင်းတဲ့ တစ်နေ့လုပ်တစ်နေ့စားပါဗျာ။ဒိုင် တွေကိုကျတော့ မဖမ်းဘူး။ပိုဆိုးတာကတော့ မော်လမြိုင်မြို့က လမ်းဘေးမှာ ဇာတ်ပွဲသွင်းပြီး လောင်းစားဝိုင်းသွားတာကို ဗြောင်လုပ်ခဲ့တဲ့ အစိုးရက မရှိဆင်းရဲသားတွေကျတော့ ဖမ်းတာ အင်မ တန်မှ မိုက်ရိုင်းလွန်းတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
မော်လမြိုင်မြို့ပေါ်တွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းခြင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့က လိုင်းကြေးယူကာ ၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက်(တန်ဆောင်မုန်းလပြည့်ည)ကတည်းက စတင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဇာတ်ပွဲများနားသည့် မိုးရာသီ၌ လောင်းကစားဝိုင်းများ နားလေ့ရှိသော်လည်း အာဏာ ပိုင်များအား လိုင်းကြေးပေးကာ ကြိတ်ဝိုင်းများ ပြုလုပ်နေကြကြောင်း သိရသည်။
“အခု ဇာတ်ပွဲနားတော့ လောင်းကစားဝိုင်းတွေလည်း နားတယ်။ဒါပေမဲ့၊ကြိတ်ဝိုင်းတွေ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်တရားမဝင်ဝန်ကြီးချုပ်ဟောင်း အောင်ကြည်သိန်း ပြုတ်သွားပြီးနောက် မော်လမြိုင်လမ်းဘေး လောင်းကစားဝိုင်းများကို ဒေသတွင်းပြည်သူ့စစ်များအား ထောက်ပံ့ရန်ဆိုသည့်ခေါင်းစဉ်ဖြင့် ယခင်စစ်ကောင်စီလက်ထက် မွန်ပြည်နယ် လုံနယ်ဝန်ကြီးလည်းဖြစ်ပြီး ယခုအစိုးရတုလက်ထက် မွန်ပြည်နယ် လုံနယ်ဝန်ကြီးလည်း ဖြစ်သူ ကျော်စွာမြင့်က ဆက်လက်တာဝန်ယူ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“အခု ကျိုက်မရောအမတ်က လောင်းကစားမှုပပျောက်ရေးအဆို မွန်ပြည်နယ်လွှတ်တော်တင်မယ် ဆိုပြီး ပြောလာလို့ ရဲတပ်ဖွဲ့က ကျနော်တို့ လောင်းကစားတွေကို ချေမှုန်းနေပါတယ်ဆိုပြီး လွှတ် တော်မှာ ပြန်ရှင်းလို့ရအောင် ၂လုံးကော်မရှင်စားကို ဖမ်းတယ်လို့ ထင်တယ်။မရိုးသားဘူး”ဟု ၎င်းက ပြောသည်။
လာဘ်စားသဖြင့် ရဲမှပြုတ်လာသူ မဘသအမတ် (အမျိုးသားအကျိုးစီးပွား ဖွံဖြိုးတိုးတက်ရေးပါတီမှ ကျိုက်မရောမြို့နယ်အမတ်သန့်ဇော်)ကဇွန်လ၉ရက်တွင် စတင်ပြုလုပ်မည့် တရားမဝင်မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ လောင်းကစားမှုပပျောက်ရေးအဆို တင်သွင်းမည်ဟု သိရသည်။
ကွမ်သဲရွာ ဖဲဝိုင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် ကွမ်သဲရွာသားတစ်ဦးက “အပျော်ဆော့ကြတာ၊ ၅၀၀ကြေးလောက် လောင်းကြတာ။ကျနော်တို့ချောင်းဆုံမှာ တချို့ဆို နဖူးတောက်ကြေးဆိုပြီး ဆော့ တာမျိုးတောင် ရှိတယ်”ဟု ပြောသည်။
ကွမ်သဲရွာအပျော်တမ်းဝိုင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးသော်လည်း ချောင်းဆုံမြို့နယ်၊သက္ကောရွာတော လမ်းထဲရှိ ရော်ဘာခြံထဲ၌ အာဏာပိုင်များအား လိုင်းကြေးပေးကာ လက်ရှိဖွင့်လှစ်ထားသော မိုးလုံ လေလုံ လောင်းကစားဝိုင်းကြီးကိုမူ မည်သူမျှ မဖမ်းကြောင်း အဝေးရောက်သက္ကောရွာသားတစ်ဦးက ပြောသည်။
