ကိုးကန့်တပ်မတော် (MNDAA) က ၎င်းတို့၏ မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံမှ အနိုင်ကျင့်လုယူထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို အာဏာသိမ်းစစ်တပ်က တရုတ်နိုင်ငံ၏ ကြားဝင်ကူညီမှုဖြင့် ပြန်လည်ထိန်းချုပ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိသည်။
ကွတ်ခိုင်မြို့နယ်အတွင်းသို့ ပြီးခဲ့သည့် မေလမှစတင်၍ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများက အတည်ပြုထားပြီး၊ ယခုစာသင်နှစ်အတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ စစ်အုပ်စုထံ မြို့အုပ်ချုပ်ရေးအာဏာ ပြန်လည်အပ်နှံရန် ခြေလှမ်းစတင်နေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ မိုးနဲမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းကလည်း ကွတ်ခိုင်မြို့တွင် မကြာခင် စစ်ကောင်စီဝန်ထမ်းများ ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်းနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ နိုင်ငံတော်အစိုးရထံ ပြန်လည်အပ်နှံရန် ပြင်ဆင်နေကြောင်း ဒေသခံများ၏ ပြောပြချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာအချို့တွင် ဖြေကြားထားသည်။
လက်ရှိတွင် ကွတ်ခိုင်မြို့အတွင်းသို့ စစ်ကောင်စီဝန်ထမ်းများ ပြန်လည်ဝင်ရောက်နေသော်လည်း နှစ်ဖက်စစ်ရေးတင်းမာမှု သို့မဟုတ် တိုက်ပွဲဖြစ်ပွားမှုမျိုးမရှိဘဲ မြေပြင်အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းက TNLA တပ်ဖွဲ့က စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်သော်လည်း၊ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လတွင် မဟာမိတ်ဖြစ်သူ MNDAA က ထိုးစစ်ဆင်၍ TNLA ထံမှ ပြန်လည်လုယူ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
MNDAA သည် TNLA ထိန်းချုပ်စဉ်က အခြေခံပညာကျောင်းများတွင် ထည့်သွင်းခဲ့သည့် တအာင်းစာသင်ကြားရေးကို ပိတ်သိမ်းလိုက်ပြီး၊ မြို့ဝင်ဆိုင်းဘုတ်များကိုပါ တရုတ်စာသားများဖြင့် အစားထိုးကာ တရုတ်စာသင်ကြားရေးကို ပြောင်းလဲလုပ်ဆောင်လာသဖြင့် ဒေသခံတိုင်းရင်းသားများအကြား မကျေနပ်မှုများ ထွက်ပေါ်နေသည်။
လက်ရှိတွင် MNDAA အနေဖြင့် မြန်မာပညာရေးကော်မတီတစ်ရပ် ဖွဲ့စည်းကာ ၎င်းတို့ထိန်းချုပ်ထားသည့် ခရိုင် ၄ ခုနှင့် မြို့နယ် ၈ ခုအတွင်း၌ မြန်မာစာသင်ကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ထားကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ TNLA တပ်ဖွဲ့နှင့် စစ်အုပ်စု၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးတို့သည် ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ မကြာမီကာလအတွင်း MNDAA အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့်ပါ စစ်အုပ်စုဘက်က ဆက်လက်ဆွေးနွေးရန် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လေ့လာသူများကမူ ကွတ်ခိုင်မြို့၏ လက်ရှိအခြေအနေသည် တော်လှန်ရေးအင်အားစုအချင်းချင်းကြား နယ်မြေလု အားပြိုင်မှုဒဏ်ကို ပြည်သူများ ခံစားနေရခြင်းဖြစ်ပြီး၊ အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကို အခွင့်ကောင်းယူကာ သေနတ်တစ်ချက်မှ ဖောက်စရာမလိုဘဲ မြို့အား ပြန်လည်သိမ်းပိုက်ရန် ခြေလှမ်းလှမ်းလာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ထို့ပြင် စစ်အုပ်စုသည် ၎င်းတို့ထံမှ TNLA က တိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်နေသည့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနှင့် နမ့်ခမ်းမြို့တို့ကို တရုတ်ကြားဝင်သည့် ဆွေးနွေးပွဲများမှတစ်ဆင့် အကြိမ်ကြိမ်တောင်းဆိုနေပြီး TNLA အနေဖြင့် ၂၀၀၈ အခြေခံဥပဒေရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည့် နမ့်ဆန်နှင့် မန်တုံမြို့တို့တွင်သာ နေထိုင်ရန် ပြောဆိုထားသည်။
ကူမင်းဆွေးနွေးပွဲများ၏ နောက်ဆက်တွဲအဖြစ် ရှမ်းမြောက်ဒေသရှိ နယ်မြေအချို့ကို စစ်အုပ်စုလက်ထဲသို့ ဟန်ပြပြန်လည်အပ်နှံပြီး တရုတ်၏အကျိုးစီးပွားနှင့် ကိုးကန့်တပ်၏ အာဏာစက်ကိုသာ ရေရှည်တည်ဆောက်သွားမလားဆိုသည်မှာ မြန်မာ့တော်လှန်ရေး အလှည့်အပြောင်းအတွက် အထူးသတိထား စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။
