ပခုက္ကူမှ ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်တို့ ချေမှုန်း၊ တပ်မှူးများအပါအဝင် ၅၀ ထက်မနည်း သေဆုံးဟုဆို

ဓာတ်ပုံ- Magway PDF

ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကြောင်းကို ဒေသတွင်း တော်လှန်ရေးတပ်များက လိုက်လံချေမှုန်းခဲ့ရာ တပ်မှူးများအပါအဝင် ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း Magway PDF က ယနေ့(ဇွန်၂၄ရက်)ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။

စစ်သားအင်အား၄၀၀ကျော်ပါသည့် ယင်းစစ်ကြောင်းကို ပခုက္ကူမှ မြိုင်မြို့နယ်ထဲအထိ ဒေသတွင်း မဟာမိတ်တပ်တို့က လိုက်လံချေမှုန်းခဲ့ရာ ဒဏ်ရာရသူလည်း များပြီး မြိုင်မြို့နယ် ၊ ကိုင်းတော မကျေးရွာအရောက်တွင် အထိနာ၍ တွင်းမပျူစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

“ပခုက္ကူကနေ စစ်ကြောင်းစထွက်လာတဲ့နေ့ကတည်းက တိုက်ခိုက်ခဲ့တာ”ဟု Magway PDF မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

ယင်းစစ်ကြောင်းသည် ဇွန်လအစောပိုင်းကတည်းက ပခုက္ကူမှ စတင်ထွက်လာခြင်းဖြစ်သည်။

တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှုအတွင်း ခဲယမ်းအများအပြား၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် ယာဉ်ယန္တရားများကို သိမ်းဆည်းရရှိခဲ့သည့်အပြင်ဒဏ်ရာရသူများကို သယ်ဆောင်ရန် တွင်းမပျူစခန်းသို့ဆင်းသက်လာသော Mi 17 ရဟတ်ယာဉ်တစ်စင်းကိုလည်း အောင်မြင်စွာ တိုက် ခိုက်ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်တပ်သည် ၎င်းတို့ချီရာ လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများကို သတ်ဖြတ်ခဲ့ရာ မသန်စွမ်းအမျိုးသားတစ်ဦးအပါအဝင် ပြည်သူ ၅ ဦး အသတ်ခံရပြီး ပြည်သူ့နေအိမ် ၄၀ကျော် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ် စစ် ကြောင်း များ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ ၊ ABSDF၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ တိုင်းပကဖစစ်ကြောင်း၄ ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံ ရေးအင်အားစု(ကမ္မ) ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု ၊ 8 + အင်အားစု နှင့် ဒေသတွင်းညီအစ်ကိုတို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

စစ်သားများ သေဆုံးဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။